Thursday, January 6, 2011

“Korean Spicy Pork နဲ့ ပဲပင်ပေါက်ကြော်”

5 comments
ဒီနေ့တော့ ၀က်သားကို ခါတိုင်းချက်နေကျလို ဆီပြန်ကြီး မစားချင်တာနဲ့ Korean Spicy Pork လေး ချက်စား ဖြစ်ပါတယ်။ စာရေးဆရာကလည်း ၀က်သားဆို အချိုချက်ရင် ဘယ်တော့မှ မစား။  တစ်ခါတစ်လေ ကျွန်မက  ငရုတ်သီးကြီးနဲ့ မစားချင်ဘဲ ပဲငံပြာရည်လေးနဲ့ အချိုချက်လေး၊ မှိုလေးနဲ့ ငရုတ်ကောင်းလေးနဲ့ အချိုပေါင်းလေး စားချင်ပါတယ်။ သူက မစားတော့ သိပ်မချက်ဖြစ်ဘူး။ ဒီနေ့တော့ သူ့အကြိုက် စပ်စပ်လေး လည်းဖြစ် ကျွန်မလည်း အပြောင်းအလဲလေး ဖြစ်အောင် Korean Spicy Pork လေး ချက်ဖြစ်သွားတယ်။

အရင်ဆုံး ၀က်သားကို ရေဆေးပြီး ခပ်ပါးပါး အသားလွှာတယ်။ အဲဒီ အသားကို ဆား၊ ငရုတ်ကောင်း၊  အချိုမှုန့်၊ ဗနီကာလေး နဲ့ နယ်ပြီး ၁၀ မိနစ်လောက် နှပ်ထားတယ်။ ဂျင်းလက်တစ်စစ်နဲ့ ကြက်သွန်ဖြူ သုံးမွှာကို ညက် နေအောင် ထောင်းတယ်။ ပန်းကန်တစ်လုံးမှာ ဂျင်းနဲ့ ကြက်သွန်ဖြူ ထောင်းထားတာ၊  ပဲငံပြာရည် အကြည်ရည်၊ Korean Red Pepper Paste ၊ Red Pepper Powder ၊ သကြား ထည့်ပြီး သမအောင် မွှေပါတယ်။

ဝက်သားနှပ်ထားတဲ့ အထဲကို ခုနက ဖျော်ထားတဲ့ အနှစ်တွေအားလုံး ရောထည့်၊ ဆီ အနည်းငယ်ထည့်၊ ကြက်သွန် ခပ်ကြီးကြီး တစ်ခုကို လေးစိတ်စိတ်၊ ကန့်လန့်လှီး (အသုပ် သုပ်ဖို့ လှီးသလို အရှည်လိုက် မဟုတ်ဘဲ ကန့်လန့်ပါ) ထည့်ပြီး သမအောင် နယ်ပါတယ်။ အဲဒီလို အဆာပလာ အားလုံး ရောနယ် ထားတဲ့ အသားတွေ ကို နှစ်နာရီ၊ သုံးနာရီလောက် ရေခဲသေတ္တာထဲမှာ နှပ်ထားပါတယ်။

စားခါနီးမှ မီးဖိုပေါ် ဒယ်အိုးတင်ပြီး နှပ်ထားတဲ့ အသားတွေ ထည့်ပြီး အသားကျက်သည်အထိ မွှေပြီး ကျော်ပါတယ် (ရေလုံးဝမထည့်ပါ)။ အသားကျက်ပြီ ဆိုမှ ငရုတ်သီးစိမ်း သုံး၊လေးတောင့် ကို တစ်စောင်းလေးတွေ လှီးထည့်ပြီး ခဏမွှေပြီးရင် Spicy Pork လေးရပါပြီ။ စပ်စပ်ကလေးမို့ အအီပြေပြီး စားလို့ မြိန်ပါတယ်ရှင်။

အရံဟင်း အနေနဲ့ ပဲပင်ပေါက်လေး ရှိနေတာနဲ့ ကြော်လိုက်ပါတယ်။ ကြက်သွန်နီ ဆီသပ်ပြီး ရေစင်စင် ဆေးထားတဲ့ ပဲပင်ပေါက်ထည့်၊ ဆားနဲ့ အချိုမှုန့်ထည့်ပြီး သမအောင် မွှေကျော်လိုက်ပါတယ်။

ဝက်သား စပ်စပ်လေး












ဟောဒီဗူးထဲက  Red Pepper Paste နဲ့ချက်တာပါ။


ပဲပင်ပေါက်ကြော် ပူပူလေး





Wednesday, January 5, 2011

“အဖော်တွေ အပျောက်ဆွဲမယ့် ကော်ရည်ခေါက်ဆွဲ”

4 comments
မနေ့ညက ဟင်းမချက်ဘဲ ကော်ရည်ခေါက်ဆွဲ ချက်စားဖြစ်တယ်။ ကျွန်မက ကော်ရည်ခေါက်ဆွဲဆို တရုတ် ကော်ရည်ခေါက်ဆွဲ ထက် မြိတ်ကော်ရည်ခေါက်ဆွဲကို ပိုကြိုက်တယ်။ ငါးပိတို့ ငရုတ်သီးတို့နဲ့ စပ်စပ်ကလေး စားရတာကိုး။ လုပ်ရတာ လွယ်တော့ မကြာခဏလည်း လုပ်စားဖြစ်တယ်။ ကျွန်မက ချက်မယ်ဆို စာရေးဆရာကလည်း မငြင်းပါဘူး။

ကြက်သားကို ရေဆေး၊ ဆား၊ အချိုမှုန့်နဲ့ နယ်ပြီး အိုးတစ်လုံးထဲမှာထည့်၊ ဂျင်း လက်တစ်စစ်ကို မညက် တညက် ထုထည့်၊ ကြက်သွန်ဖြူ ဒါးပြားရိုက်ထည့်၊ ရေထည့်ပြီး ပွက်ပွက်ဆူနေအောင် တည်ပါတယ်။ ကြွက်နားရွက် မှိုခြောက်ကို ရေစိမ်ထားပါတယ်။ ပဲပြားကို အတုံးလေးတွေ တုံးထားတယ်။ ကြက်သား နူးရင် ကြက်သားတုံးကို ဆယ်၊ အအေးခံပြီး အသားလေးတွေ နွှင်ပါတယ်။ ကြက်အရိုး တွေကို အိုးထဲ ပြန်ထည့်ပြီး ဆက်တည်ပါတယ်။ ရေနွေးလိုသလောက် ထပ်ဖြည့်ပါတယ်။ ကြက်ရိုးထဲက အချိုရည်တွေ ထွက်ပြီး ဟင်းရည် ချိုအောင် တည်ပါတယ်။ ပြီးမှ ကြက်အသား နွှင်ထားတာ ထည့်ပါတယ်။ ရေစိမ် ထားတဲ့ ကြွက် နားရွက်မှို ကို ကပ်ကြေးနဲ့ အနေတော်လေး ဖြတ်ပြီး ဟင်းအိုးထဲ ထည့်ပါတယ်။ ပဲပြားထည့်တယ်။  ပဲငံပြာရည် အကြည်ရည်နဲ့ အချိုမှုန့်ထည့်ပြီး အပေါ့အငံ ပြင်ပါတယ်။ အနေတော် ဆိုရင် ကြက်ဥနှစ်လုံးကို ပဲငံပြာရည် အကြည်ရည်လေး နည်းနည်းထည့်ပြီး နာနာခေါက်ပြီး ခရင်းလေးနဲ့ နည်းနည်းချင်းစီ ခပ်ပြီး အိုးထဲကို နှံ့အောင် ထည့်ပါတယ်။ ကော်မှုန့်ကို ရေအေးနဲ့ ဖျော်ပြီး အိုးထဲ လောင်းထည့်ပါတယ်။ ကော်ရည်အပြစ်၊ အကျဲ အနေတော်ဆိုရင် ဟင်းရည်ရပါပြီ။

ကန်စွန်းရွက်နဲ့ ပဲပင်ပေါက်ကို ရေဆေး၊ ရေနွေးဖျောပြီ ဇကာနဲ့စစ်ထားပါတယ်။ ငါးပိထောင်း (ကျွန်မ ကတော့ အမေ့လက်ရာ တံဆိပ် ငါးပိထောင်းကို သုံးပါတယ်) နဲ့ သံပုရာရည်ရောပြီး ပန်းကန်တစ်လုံး ထဲမှာ ဖျော်ထား ပါတယ်။ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်း ထောင်းထည့်လို့ရပါတယ်။ ကျွန်မကတော့ ငါးပိထောင်းက စပ်ပြီး သားမို့ ထပ်မထည့်တော့ပါဘူး။

ခေါက်ဆွဲခြောက်ကို ရေဆူဆူမှာထည့်ပြုတ်၊ ခေါက်ဆွဲအိလာရင် ဇကာနဲ့ ဆယ်၊ ရေအေးဆေးချပြီး ရေစစ် ထားပါတယ်။

စားခါနီးမှ ပန်းကန်ထဲကို ခေါက်ဆွဲဖတ် လိုသလောက်ထည့်၊ ဟင်းရည် လောင်းထည့်ပါတယ်။ ကန်စွန်း ရွက်၊ ပဲပင်ပေါက်နဲ့  ငါးပိထောင်း ဖျော်ထားတာလေးလည်း ထည့်ပါတယ်။ ငရုတ်ကောင်း မှုန့်လေး ဖြူးပါတယ်။ ဒါဆိုရင် အသီးအရွက်လေးတွေနဲ့ ချို၊ ချဉ်၊ စပ်တဲ့ ကော်ရည်ခေါက်ဆွဲ ပူပူလေး စားလို့ ရပါပြီ။ ကျွန်မလည်း ကြိုက်ကြိုက်နဲ့ ကန်စွန်းရွက်နဲ့ ပဲပင်ပေါက်တွေ ထပ်ထည့်၊ ငါးပိတွေထည့်နဲ့ စားလိုက်တာ ကောင်းမှကောင်း။ အဲ - ဒီနေ့လည်းရောက်ရော ကျွန်မခြေထောက်ကြီး ပြန်ယောင် နေပါပြီ။ ငါးပိတန်ခိုးပေါ့ရှင်။ စာရေးဆရာက ပြောပါတယ်။ ငါးပိလုံးဝ မစားရတော့ဘူး။ နောက်တစ်ခါ ကော်ရည်ခေါက်ဆွဲ စားချင်ရင်လည်း ငါးပိမထည့်ဘဲ စားရမယ်တဲ့ ရှင်။  :-(

မိတ်ဆွေများလည်း ကြိုက်တတ်ရင် အ၀သုံးဆောင်သွားကြပါရှင်။

ကျွန်မရဲ့ ကော်ရည်ခေါက်ဆွဲလေး






အရွက်ကြိုက်ရင် လိုသလောက်ထပ်ထည့်စားဖို့ 




ချဉ်ချဉ်စပ်စပ်လေး စားချင်ရင် ငါးပိထောင်းဖျော်ထားတာလေး ထပ်ထည့်ပေါ့



Tuesday, January 4, 2011

“ပုဇွန်ချိုချဉ်ကြော်၊ တုံယမ်းဟင်းရည်”

5 comments
လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ကျွန်မခြေထောက်လည်း ကောင်းသွားပြီမို့ ပုဇွန်ဘက် လှည့်ရအောင်ဆိုပြီး ပုဇွန် ချိုချဉ်ကြော်လေးနဲ့ တုံယမ်းဟင်းရည်လေး ချက်စားဖြစ်တယ်။

ပုဇွန်တွေကို အခွံခွာပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် နယ်ထားတယ်။ တန်ပူရာအမှုန့်ကို ရေလေးနဲ့ ဖျော်တယ်။ တုံယမ်းဟင်းအတွက် ပုဇွန်အချို့ဖယ်ပြီး ကျန်တဲ့ပုဇွန်တွေကို တစ်ကောင်ချင်းစီကို တန်ပူရာမှုန့် ဖျော်ထားတဲ့ အထဲ နှစ်ပြီး ဆီပူပူမှာ ထည့်ကြော်ပြီး ဆယ်ထားတယ်။ ကြက်သွန်နီ ဆီသတ်ပြီး တန်ပူရာမှုန့်နဲ့ ကြော်ထားတဲ့ ပုဇွန်တွေ ထည့်ကြော်၊ ဆား၊ အချိုမှုန့်ထည့်ပြီး Tomato Sauce ထည့်တယ်။ အရသာ အနေတော်ဆိုမှ ကော်မှုန့် ရေဖျော်ထားတာ ထည့်မွှေပြီးရင် ပုဇွန်ချိုချဉ်ကြော် လေး ရပါပြီ။

တုံယမ်းဟင်းရည်ချက်ဖို့ အိုးတစ်လုံးထဲမှာ ရေထည့်တည်၊ ရေဆူရင် ပဒဲကော ပါးပါးလှီးထားတာထည့်၊ ကြက်သွန်နီ လေးစိတ် စိတ်ထားတာ ထည့်၊ စပါးလင် တစ်စောင်းလေးတွေ ပါးပါးလှီးထားတာ ထည့်ပါတယ်။ ရေတစ်ခါ ပြန်ဆူလာရင် တုံယမ်း အနှစ်ထည့်ပါတယ်။ နောက်တစ်ခါ ရေပြန်ဆူရင် ပဲပြားအတုံးလေးတွေ တုံးထာတာထည့်၊ မှိုထည့်ပါတယ်။ ခုနက ဖယ်ထားတဲ့ ပုဇွန်ထည့်ပါတယ်။ အပေါ့အငံပြင်ပါတယ်။ အုန်းနို့ အနည်းငယ် ထည့်ပါတယ်။ ဟင်းရည် အနေတော် ဆိုရင် ခရမ်းချဉ်သီး လေးစိတ် စိတ်ထားတာ ထည့်၊ ငရုတ်သီးစိမ်း ခွဲထည့်၊ ရှောက်ရွက်အုပ်၊ သံပုရာရည်လေး ညှစ်လိုက် ပါတယ်။ ဒါဆိုရင် ချဉ်စပ်လေးမှာ အုန်းနို့ အရသာ ဆိမ့်ဆိမ့်လေး စွက်နေပြီး အနံ့အရသာနဲ့ ပြည့်စုံတဲ့ တုံယမ်းဟင်းရည် ပူပူလေး ရပါပြီရှင်။

ပုဇွန်ချိုချဉ်ကြော်လေး






တုံယမ်းဟင်းရည် ပူပူလေး 







Sunday, January 2, 2011

“တရုတ်တန်းအလွမ်းပြေ ၀က်သားတုတ်ထိုးနဲ့ ကြာဇံကြော်”

14 comments
မနေ့က Sentosa သွားလည်မယ် ဆိုတော့ နံနက် စောစောစီးစီး အိပ်ရာကထပြီး ပြင်ဆင်ပါတယ်။ နေ့လယ်စာ ထည့်သွားဖို့ကိုတော့ ၀က်သားတုတ်ထိုးနဲ့ ကြာဇံကြော် ပြင်ဆင်ရပါတယ်။ ရန်ကုန်၊ တရုတ်တန်းက ရွှေနန်းတော် ရွှေဆိုင်ရှေ့မှာ ရောင်းတဲ့ "မငယ်" ၀က်သား ကြာဇံသုပ်ကို လွမ်းလို့ အလွမ်းပြေပေါ့ရှင်။

ဝက်သားတုတ်ထိုးလုပ်ဖို့ ၀က်ကလီစာအစုံကို ရှေ့တစ်ရက်ည ကတည်းက ကြိုတင် ပြင်ဆင် ထားရပါတယ်။  မနက်စောစော သွားမှာဆိုတော့ အချိန်ကုန် သက်သာအောင်လို့ပါ။ ကလီစာအစုံကို အတုံးကြီးကြီး တုံး၊ ရေစင်စင်ဆေးပြီး ဗနီကာနဲ့ နယ်ဆေးပါတယ်။ ကလီစာတွေ စင်ကြယ် သွားပြီ ဆိုမှ ဆား၊ အချိုမှုန့်၊ သကြား၊ ပဲငံပြာရည် အကြည်၊ ခရုဆီ၊ ဗနီကာ၊ နာနတ်ပွင့်၊ ကရဝေးရွက်၊ သစ်ဂျပိုးခေါက်၊ တရုတ်မဆလာ တို့နဲ့ နာနာနယ်ပြီး ရေခဲသေတ္တာထဲ ထည့်နှပ်ထားလိုက် ပါတယ်။ နောက်တစ်နေ့ နံနက်မှ အိုးတစ်လုံးထဲ ဆီထည့်၊ ဆီပူရင် ကလီစာအစုံကို ထည့်ပြီး လုံးပါတယ်။ ဆီပြန်လာမှ ရေနွေးထည့်ပြီး နူးသည်အထိ တည်ပါတယ်။ ရေခမ်းပြီး အသားမနူးသေးရင် ရေနွေး ထပ်ဖြည့်ထည့်ပါတယ်။ အသားနူးရင် ဆီကျန်၊ ရေကျန်လေးမှာ ချလိုက်ပါတယ်။

ကြာဇံကိုတော့ နာရီဝက်လောက် ရေစိမ်ထားပါတယ်။ ပြီးမှ ကြာဇံကို ရေစစ်ပြီး ပဲငံပြာရည် အနောက်ရည် (ကြာညို့)၊ ဆား၊ အချိုမှုန့်၊ ခရုဆီတို့နဲ့ ရောနယ်ထား ပါတယ်။ ဒယ်အိုးထဲမှာ ကြက်သွန်နီ ဆီသတ်၊ ဂေါ်ဖီ လှီးထားတာ ထည့်ပြီးမှ နယ်ထားတဲ့ ကြာဇံ ထည့်ကြော်ပါတယ်။ အပေါ့အငံလိုသလို ပြင်ပါတယ်။ တရုတ်နံနံ လှီးပြီး ထည့်ပါတယ်။ ကြာဇံဖတ်လေး အိပြီ ဆိုရင် ကြာဇံကြော်ရပါပြီ။ (၀က်သား တုတ်ထိုးနဲ့ စားမှာမို့ အသား ထည့် မကြော်ပါဘူး)

ပြီးတော့ အချဉ်ရည်ဖျော်ပါတယ်။ မကျည်းရည်ကို ရေနွေးနဲ့ ခဏစိမ်ထားပါတယ်။ ထန်းလျက်ခဲနဲ့ ကြက်သွန်ဖြူကို ရောထောင်းပါတယ်။ မကျည်းရည်ရရင် မကျည်းသီးဖတ်တွေ ဆယ်ပစ်ပြီး မကျည်းရည်ထဲကို ထန်းလျက်နဲ့ ကြက်သွန်ဖြူထောင်းထားတာ ထည့်ပါတယ်။ ဆားနဲ့ အချိုမှုန့် နည်းနည်းစီ ထည့်ပါတယ်။ ငရုပ်သီးအစိမ်းမှုန့် အနည်းငယ်ကို အချဉ်ရည် နည်းနည်း ထည့်ရောပါတယ်။ ငရုတ်သီးစိမ်းနဲ့ နံနံပင် ညှပ်ထည့်ပြီး သံပုရာရည်လေး ညှစ်လိုက် ပါတယ်။


Sentosa မှာ နေ့လယ်စာ စားဖို့ ထည့်သွားတဲ့ ၀က်သားတုတ်ထိုး









ကျွန်မတို့နှစ်ယောက်အတွက် ကြာဇံကြော်နှစ်ဗူး




ဝက်သားတုတ်ထိုးနဲ့စားဖို့ အချဉ်ရည်


Saturday, January 1, 2011

“နှစ်သစ်ရဲ့ ပျော်ရွှင်ဖွယ်ရာ အလည်အပတ်”

4 comments
မင်္ဂလာ နှစ်သစ်ပါရှင်။ ကျွန်မရဲ့ 'ရသာချို" ဘလော့လေးသို့ အစဉ်သဖြင့် လာလည်ကြသော မိတ်ဆွေများ၊ တစ်ခါတစ်ရံ အကြောင်းတိုက်ဆိုင်၍ ရောက်ရှိလာသော မိတ်ဆွေများ အားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ် ကျန်းမာစွာဖြင့် လိုအင်ဆန္ဒများ ပြည့်စုံပြီး၊ ပျော်ရွှင်သော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ်ရှင်။ 

ဒီနေ့ ၁.၁.၁၁ နှစ်သစ်မှာတော့ ကျွန်မတို့ ဇနီးမောင်နှံ နှစ်ယောက် Sentosa ကို အလည် သွားဖြစ်ပါတယ်။ စာရေးဆရာ အားလပ်ရက်လည်းဖြစ်၊ မရောက်တာလည်း ကြာပြီမို့ သွားလည် ဖြစ်ခဲ့တာပါ။ ခုလို အလည် အပတ်လေး ထွက်လိုက်တော့ နှစ်သစ်မှာ စိတ်လက်ပေါ့ပါး စေတာပေါ့ရှင်။

အရင်ဆုံး Palawan Beach ဘက်ကို သွားပါတယ်။ 

ဒါက ကမ်းခြေက ငါးသည်လေး။


သူက အသက်ကယ်သမား



 သူက ရေခဲမုန့်ရောင်းတာ



ကမ်းခြေက ရေကန်လေးထဲမှာ ကလေးတွေ ရေဆော့နေကြတာ







ကမ်းခြေမှာလည်း ဒီလို အပန်းဖြေနေကြတယ်လေ


ကြိုးတံတားနဲ့ ကျွန်းအသေးလေး တစ်ခုဆီ ကူးလို့ရပါတယ်။ ကြိုးတံတား ကူးရင်း ကမ်းခြေကို ပြန်ရိုက်ထား တာ။



 သူများအတွဲကိုလည်း ခုလိုလေး အဝေးက လှမ်းရိုက်လိုက်သေးတယ် :-)



ဒါက ကျွန်းလေးပေါ်က မျှော်စင်လေး




မျှော်စင်ပေါ်ကနေ ကမ်းခြေဘက်ကို လှမ်းရိုက်ထားတာ




မျှော်စင်ပေါ်ကနေ ကြိုးတံတားလေးကို ပြန်မြင်နေရတယ်။



ဒါစာရေးဆရာ အလုပ်၊လုပ်နေတဲ့ Jurong Island ကို မျှော်စင်လေးပေါ်ကနေ လှမ်းမြင်နေရတာ




လွန်ခဲ့တဲ့လက စာရေးဆရာ ခဏသွားလုပ်ပေးရတဲ့ Bukom ကျွန်း




 ဒါလေးက ကျွန်းပေါ်က Sentosa ဆိုတဲ့ စာသားလေး




ရေခဲမုန့်လေးပါ



မြန်မာပြည်မှာဆို အညာဒေသမှာတွေ့ရတတ်တဲ့ ရှားစောင်းပင်လေး

 သူများတွေတော့စီးနေကြတယ်။ ကျွန်မတော့ ကြောက်ပါတယ်






Palawan Beach ကနေ Siloso Beach ဘက်လျှောက်လာရင်း လမ်းမှာ မိုးစရွာလာလို့ မိုးခိုရင်း နေ့လယ်စာ စားကြတယ်။ မိုးနည်းနည်းစဲတော့ ဆက်လျှောက်ရင် Siloso Beach  နားက Underwater ကိုရောက်တယ်။ အဲဒီအနားမှာ တွေ့ခဲ့တဲ့ ဒေါင်းမိသားစုလေး။




Underwater နားက ငါးမန်းရုပ်ကြီး




Merlion ဘက်သွားဖို့ ကားစောင့်နေတုန်း Bus Stop ကို ရိုက်ထားတာ




ဒီကားစီးပြီးသွားရမှာ




ကဲ Merlion ကြီးကို မြင်နေရပါပြီ




ဒါက Merlion နားက ငှက်ရုပ်ကလေးတွေ
















 မိုးက ၀ုန်းဆို ရွာချလိုက်တယ်ရှင်။ လည်လို့တောင် မ၀သေးဘူး။ မိုးရေထဲမှာ Casino ရုံကို လှမ်းမြင်နေရတာ


တော်ပါပြီ။ ခြေထောက်လည်း ညောင်းလှပြီ။ မိုးကလည်း ကောင်းမှကောင်း။ အိမ်ပြန်တော့မယ်ဆိုပြီး Sentosa Express စီးဖို့ Imbiah Station ဆီသွားတယ်။ ဒါက Station ကို မြင်နေရတာ။


Sentosa Express စီးပြီး Vivo City ကိုရောက်တယ်။ Bus စီးဖို့ Vivo City ထဲ ဖြတ်လျှောက်လာရင်း Star Hub ဆိုင်ရှေ့မှာ ကလေးလေး တစ်ယောက် ဖုန်းနဲ့ စတိုင်ထုတ်နေတာကို စာရေးဆရာက ချစ်စရာလေး၊ Star Hub ဆိုတာ စင်္ကာပူမှာ ဖုန်းလိုင်း၊ အင်တာနက် လိုင်းတွေနဲ့ ပတ်သက်ပြီး အဓိကကျတဲ့ ကုမ္ပဏီတွေထဲက တစ်ခု၊ အဲဒီ ကုမ္ပဏီက ဆိုင်းဘုတ်နားမှာ ကလေးလေး ဖုန်းပြောနေတယ် ဆိုတော့ အံဝင်ခွင်ကျပဲ ဆိုပြီး သဘောကျ လို့ ရိုက်ထားတာ ။ စာရေးဆရာက သူရိုက်ခဲ့တဲ့ ပုံကို Star Hub ကုမ္ပဏီက သူတို့ ကုမ္ပဏီ ကြော်ငြာအတွက် လိုချင်လို့ ၀ယ်မယ်ဆိုရင်တောင် မရောင်းနိုင်ဘူးဆိုပဲ။

 

အိမ်ရောက်တော့မှ နှစ်ယောက်စလုံး တစ်နေ့တာ ပင်ပန်းထားသမျှ အတိုးချ အနားယူလိုက် ကြပါတော့တယ်။ ဘာပဲဖြစ်ဖြစ် နှစ်သစ်ကူးမှာ စာရေးဆရာနဲ့ တစ်ဝကြီး လျှောက်လည်လိုက်ရလို့ ကျွန်မတော့ တော်တော် ကျေနပ် ၀မ်းသာမိပါတယ်ရှင်။                ။


ပါရမီဖြည့်ဖက်လေး
၂၂း၂၅ နာရီ
၁.၁.၁၁
Related Posts Plugin for WordPress, Blogger...