Sunday, August 14, 2011

"ငါးပိထမင်းကြော်၊ တုံယမ်းဟင်းနဲ့ မှိုမုန်ညှင်းကြော်"

ဒီနေ့ တနင်္ဂနွေနေ့ ရုံးပိတ်ရက်လေးမှာတော့ ထိုင်းငါးပိထမင်းကြော်လေး ကြော်စားဖြစ်တယ်။ ပထမဆုံး ထမင်းတစ်အိုးတည်ပြီး အအေးခံထားတယ်။ ကြက်အူချောင်းလေးတွေကို ရေဆေး၊ ပါးပါးလှီးပြီး ဆီနည်းနည်း၊ ရေနည်းနည်းနဲ့ ထည့်ကြော်တယ်။ ကြက်အူချောင်းကြော်ရရင် ဆယ်ထားပြီး ကျန်တဲ့ဆီနဲ့ပဲ ကြက်ဥ နှစ်လုံးကို အကာကျက်ကြော်တယ်။ တကယ်တော့ မွှေကြော်ခပ်ပါးပါးလေးနဲ့ စားကြတာပါ။ ကျွန်မတို့ ကတော့ ကြက်ဥကြော်ဆို အကာကျက်ကြော်တာ ပိုကြိုက်လို့ပါ။ ကြက်ဥကြော်ပြီးရင် အဲဒီ ဆီထဲမှာပဲ ပုဇွန်ခြောက်လေးတွေ ထည့်ကြော်ပြီး ဆယ်ထားတယ်။ ပြီးတော့ ဆီထဲကို ကြက်သွန်ဖြူ မညက်တညက် ထောင်းထားတာလေး ထည့်ဆီသတ်တယ်။ ကြက်သွန်ဖြူ ရဲလာရင် ငါးပိစိမ်းစားကို ရေနွေးလေးနဲ့ ဖျော်ထားတာလေး လောင်းထည့်ပါတယ်။ တစ်ဆက်တည်း ချက်ထားတဲ့ ထမင်းတွေရောထည့်၊ ဆား၊ အချိုမှုန့်ထည့် မွှေပြီးနှံ့အောင်မွှေကြော်ပါတယ်။ အပေါ့အငံ မြည်းပြီးရင် ထမင်းကြော်ရပါပြီ။ ထမင်းစားပန်းကန်ထဲကို ထမင်းကြော်လေးထည့်၊ ကြက်အူချောင်းကြော်နဲ့ ပုဇွန်ခြောက်ကြော်ထည့်၊ ကြက်သွန်နီပါးပါးလှီးရေဆေးထားတာလေးထည့်၊ နံနံပင်နဲ့ ငရုတ်သီးစိမ်း လှီးထည့်၊ သံပုရာသီးစိတ်ထည့်ပါတယ်။ ဒါဆို အသင့်ပြင်ပြီးသား ငါးပိထမင်းကြော်လေး ရပါပြီ။






ငါးပိထမင်းကြော်နဲ့စားဖို့ တုံယမ်းဟင်းရည်လေး ချက်ပါတယ်။ ချက်နည်းကတော့ အရင်က ဒီမှာ ရေးဖူးပါတယ်။


ညနေရောက်တော့ စာရေးဆရာက အသီးအရွက်ကြော် တစ်ခုခုစားချင်တယ် ဆိုတာနဲ့ အိမ်မှာ အသင့်ရှိတဲ့ မုန်ညှင်းနဲ့ မှိုကြော် စားပါတယ်။ မုန်ညှင်းကို ရေဆေး၊ နှစ်ပိုင်းဖြတ်ပြီး ရေနွေးဆူဆူထဲနှစ်ပြီး ချက်ချင်းပဲ ရေအေးမှာ ပြန်စိမ်ပါတယ်။ မှိုကိုရေဆေးပြီး နှစ်ခြမ်း ခြမ်းထားပါတယ်။ ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ဆီပူရင် ကြက်သွန်ဖြူထည့်ဆီသတ်ပါတယ်။ ကြက်သွန်ဖြူမွှေးလာရင် မှိုထည့်ကြော်ပါတယ်။ ခဏနေမှ ရေနွေးဖျောပြီးသား မုန်ညှင်းထည့်ကြော်ပါတယ်။ ဆား၊ အချိုမှုန့်၊ ခရုဆီ ထည့်ကြော်၊ အပေါ့အငံအနေတော်ဆို ရပါပြီ။



5 comments:

Aunty Oo said...

ဟင်းလေးတွေကမြင်ရုံနဲ.တင်စားချင်စရာ။စာရေးဆရာတော့ကံကောင်းတာဘဲ
ခုလိုဂရုစိုက်ပြုစုချက်ကျွေးတဲ့ပါရမီဖြည့်ဖက်လေးရှိလို.လေ။

rose said...

I want to eat all :) Specially, Tom Yum soup.

Cameron said...

ငပိထမင်းကြော်ကြိုက်တယ်...။ ၀က်အူချောင်းထည့်တာထက် ၀က်စအုကြော်နဲ့ပိုကြိုက်တယ်...။

ခင်တဲ့
မိုးငွေ့

မဒမ်ကိုး said...

အိမ်လျှောက်လည်လိုက်တာ
ထမင်းဝိုင်းတွေနဲ့ချည်းတိုးတယ်
မမချစ်ဘလော့ထည်းကဒုက္ခရောက်ရတယ်
မြီးရှည်ကနေစလိုက်တာ
ခုထိစားစရာတွေချည်းပဲ
သရေသာကျနေရတယ်
အလှုတွေဘာတွေရှိရင်လက်တို့ကြပါနော်...း)

ခင်တဲ့
မဒိုးကန်

rose said...

ပါရမီဖြည့်ဖက်လေးရေ... Blog Day ပို့စ်လေးမှာ တက်ဂ်ထားပါတယ်။ အဆင်ပြေရင် ရေးပေးစေချင်ပါတယ်။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...