Tuesday, December 13, 2011

" ကျွန်မရဲ့ဒီဇင်ဘာအားလပ်ရက် ခရီး " (၁)

လွန်ခဲ့တဲ့ အပတ်ထဲမှာ ကျွန်မတို့ဇနီးမောင်နှံနှစ်ယောက်စလုံး ခွင့်ရက်ရတာနဲ့ မလေးရှားကို ခရီးထွက်ဖြစ်ပါတယ်။ တစ်နှစ်စာခွင့်တွေ ကျန်နေတာကြောင့် ခွင့်ယူပြီး အိမ်မှာနေမယ့်အစား စိတ်လက်ပေါ့ပါးသွားအောင်ဆိုပြီး ခရီးထွက်ဖို့ စီစဉ်ပါတယ်။ ခွင့်ရက်ကျန်ကလည်း များများစားစား မဟုတ်တာကြောင့် ရန်ကုန်လည်း ပြန်လို့မရပါဘူး။ ဒါကြောင့် ကျွန်မတို့နှစ်ယောက်စလုံး တစ်ခါမှ မရောက်ဖူးသေးသလို စလုံးကနေသွားရတာလည်း လွယ်ကူတဲ့ မလေးရှားကို ရွေးလိုက်တာပါ။ 

ကျွန်မတို့ရွေးလိုက်တဲ့ ခရီးစဉ်က သုံးညအိပ်လေးရက်၊ Genting Highlands, Kuala Lumpur & Sunway Theme Park ပါ။ စသွားတဲ့နေ့မှာ ကားက စလုံးကနေ မနက် ၆နာရီခွဲ စထွက်ပါတယ်။ ခုနှစ်နာရီကျော်ကျော်လောက် Tuas check point ကိုရောက်ပြီး စလုံး Immigration ကိုဖြတ်ရပါတယ်။ ပြီးတော့ တံတားကူးပြီး တစ်ဖက်မှာ မလေး Immigration ကို ထပ်ဖြတ်ရပါတယ်။ Immigration ဖြတ် ပြီးတာနဲ့ ကားက တစ်နာရီခွဲလောက် တောက်လျှောက်မောင်းပါတယ်။ ပြီးတော့ နံနက်ခင်းစာ စားဖို့ နာရီဝက်ခန့် ရပ်နားပါတယ်။ ပြီးတော့ တောက်လျှောက်ဆက်ထွက်တာ နှစ်နာရီလောက် မောင်းအပြီး Kuala Lumpur နားမှာ ၁၅မိနစ်ခန့် ရပ်ပေးပါတယ်။ အဲဒီကနေဆက်ထွက်တော့ Genting ကို ဆက်တိုက်မောင်းပါတော့တယ်။ ကျွန်မတို့ ခရီးစဉ်အရ Genting ကိုအရင်သွားတာပါ။ Kuala Lumpur ကို ကျော်သွားရပါတယ်။ Genting ကတောင်ပေါ် ဆိုတော့ တောင်တက်လမ်းလေးအတိုင်း မောင်းရပါတယ်။ တောင်ပေါ်ရာသီဥတုကိုက အေးတဲ့ အပြင် ကျွန်မတို့ တောင်ပေါ်ရောက်တဲ့အချိန်မှာ မိုးဖွဲဖွဲလေးကလည်း ရွာနေတာမို့ အတော်လေး အေးနေပါတယ်။ 

Genting ရောက်တော့ နေ့လယ် တစ်နာရီဝန်းကျင်ခန့်ရှိပါပြီ။ First World Hotel မှာ Check in လုပ်ဖို့ Queue No ယူပြီး တစ်နာရီခန့် စောင့်လိုက်ရပါတယ်။ ဧည့်သည်တွေ တအားများလို့ပါ။ ကောင်တာ အခုနှစ်ဆယ်က ဆက်တိုက် ဆောင်ရွက်ပေးနေတာတောင် တစ်နာရီလောက် စောင့်လိုက်ရပါတယ်။ ကျွန်မတို့ကားမှာ ပါလာတဲ့ Guide ရဲ့ပြောပြချက်အရ အဲဒီ First World Hotel မှာ အခန်းပေါင်း ၆ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

Check In လုပ်ပြီးတာနဲ့ အထုပ်အပိုးတွေ အခန်းထဲမှာ ထားပြီး နေ့လယ်စာကို Hotel Cafe မှာပဲ ခပ်သွက်သွက် စားလိုက်ပါတယ်။ ပြီးတာနဲ့ Park သွားဖို့ လက်မှတ်သွားဝယ်ပါတယ်။ လက်မှတ်က Indoor Park နဲ့ Outdoor Park နှစ်မျိုးပေါင်းကို One Day Unlimited Ride Pass ၀ယ်လိုက်ပါတယ်။ Outdoor Park ကနေစပြီး လည်ကြပါတယ်။ ကျွန်မကတော့ တွေ့သမျှ မြင်သမျှ စီးတော့တာပါပဲ။  Outdoor Park ထဲ နှံ့တော့မှ Indoor Park ထဲမှာ ဆက်ပြီး လည်ကြ၊ စီးကြတယ်။ Indoor Park က ကျွန်မတို့ တည်းတဲ့ ဟိုတယ်နဲ့ တစ်ဆက်တည်းအပြင် Shopping Mall နဲ့ ပါတစ်ဆက်တည်းပါ။ ညနေပိုင်းမှာ အခန်းပြန် ခဏနား၊ ရေမိုးချိုးပြီး Indoor Park ထဲမှာ ညပိုင်း နည်းနည်း နောက်ကျတဲ့ အထိ လည်ပတ်ပြီးမှ ညစာကို စားဖြစ်ခဲ့ပါတယ်။ နောက်တစ်နေ့မနက်ပိုင်းမှာ နံနက်စာ စားရင်း Shopping Mall ထဲခဏလည်ပြီး Check out လုပ်ဖို့ ပြင်ဆင်ရပါတယ်။ Kuala Lumpur ကို သွားမယ့်ကားက နေ့လယ် ၁၂နာရီထွက်မှာဆိုတော့ ခပ်စောစာပဲ Check Out လုပ်ပြီး ကားရပ်နားရာ နေရာဆီ ထွက်ခဲ့ကြပါတယ်။

တည်းတဲ့အခန်းကနေ ကားတက်လာတဲ့ လမ်းလေးကို ပြန်မြင်နေရတာ။





ဟောဒါက Outdoor Park ထဲမှာရှိတဲ့ ကစားကွင်းတွေပါ။ စာရေးဆရာ လက်စွမ်းပြထားတဲ့ ပုံတွေပါ။ ဒီပုံလေးကို သူ့သူငယ်ချင်းတွေက သဘောကျ ကြတယ်။


စီးချင်လွန်းလို့ တော်တော်ကြာကြာ တန်းစီလိုက်ရတယ်။ စာရေးဆရာကတော့ ချမ်းချမ်းနဲ့ ဘေးမှာရပ်ပြီး စောင့်ပေးရှာတယ်။




ဒီအမြင့်ကြီးစီးချင်တာ။ မစီးခဲ့ရဘူး။ စာရေးဆရာကပေးမစီးဘူး။ သူ့မိန်းမ အသက်ထွက်သွားမှာ စိုးလို့တဲ့။



ကျွန်မတို့ နှစ်ယောက်သား ဒီပန်းကန်လုံးလေးလည်း စီးခဲ့တယ်။




Outdoor Park ထဲကနေ ကျွန်မတို့တည်းတဲ့ ဟိုတယ်ကို လှမ်းမြင်နေရတာ


ကလေးတွေစီးနေတာလေး သဘောကျလို့။


ငါးလေးတွေ။



သရဲရထားလည်း မစီးခဲ့ဘူး။ ကျွန်မကအရမ်းကြောက်တတ်လို့။


ဟောဒီလှေကြီးကို နှစ်ယောက်သားတက်စီးခဲ့သေးတယ်။








Indoor Park ထဲရောက်သွားပါပြီ။

ကျွန်မတို့နှစ်ယောက် ဟောဒီပန်းပွင့်လေးတွေနဲ့ ကောင်းကင်ရထားလေး စီးခဲ့တယ်။



ဒီပုံထဲမှာ မြင်နေရတဲ့ အောက်ထပ်က စားသောက်ဆိုင်တန်းမှာ အလုပ် လုပ်တဲ့ ၀န်ထမ်းတွေ အားလုံး မြန်မာတွေချည်းပဲ။ အစားအသောက် အမျိုးအစားအလိုက် ကောင်တာလေးတွေ ခွဲထားပေမယ့် ပိုင်ရှင်က တစ်ယောက်တည်း။ အဲဒီပိုင်ရှင်တရုတ်ကလွဲရင် ကျန်တဲ့ ချက်ပြုတ်တဲ့လူ၊ ပွဲပြင်သူ၊ စားပွဲထိုး အားလုံး မြန်မာတွေချည်းပဲ။



ကစားကွင်းပတ်ရင်း တချို့ကလည်း ဈေးဝယ်ကြတယ်။


ဒီရထားလေးက Indoor Park ထဲကနေစထွက်ပြီး Outdoor Park ကိုပါပတ်မောင်းတယ်။ ခရီးဆုံးရင် Indoor ထဲ ပြန်ရောက်တယ်။


ကျွန်မက တိုက်ကားမမောင်းတတ်ဘူး။ ရယ်ရတယ်။ ရန်ကုန်မှာကတည်းက ခဏခဏ ကြိုးစားဖူးပေမယ့် အဆင်မပြေဘူး။ ဒီတော့ စာရေးဆရာကမောင်းပြီး ကျွန်မကဘေးက ထိုင်စီးတယ်။












လူကြီးလှော်နေသလိုပဲ။ အမှန်ကအရုပ်ကြီး။
 


 

ဒါက Genting Highlands ရဲ့ ပုံစံငယ်လေး။



ဟိုတယ်ရဲ့ ဧည့်ကြို ဧရိယာ


ဒီလမ်းကနေသွားပြီး အပေါ်ထပ်ကိုတက်ရင် Casino ကိုရောက်တယ်။



KL သွားတဲ့အကြောင်း ဆက်ရေးပါဦးမယ်နော်။

ပါရမီဖြည့်ဖက်လေး
၁၃.၁၂.၂၀၁၁
၂၀း၁၆ နာရီ

ဓါတ်ပုံတွေအားလုံး စာရေးဆရာ လက်စွမ်းပြထားတာပါ။


5 comments:

mstint said...

တီတင့်မရောက်ဘူးသေးတဲ့ မလေးရှားကို နေရာအနှံ့ပို့ပေးခဲ့တဲ့အတွက်
ကျေးဇူးပါ ပါရမီဖြည့်ဖက်လေးရေ။
ဒီတစ်ခေါက်တော့ အရောက်သွားဖြစ်အောင် ကြိုးစားမယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သိင်္ဂါကျော် said...

ကောင်းလိုက်တာ...
ပုံတွေ အားရ ပါးရ ကြည့်သွားပါတယ်..

မြူးမြူး said...

စုံတွဲပုံလေးတွေလဲ တင်ဦးလေ ညီမချိုရဲ့.. မြင်ဖူးချင်လို့.. မရောက်ဖူးသေးဘူး.. သွားချင်တယ်.. အလုပ်တွေကလဲများ.. စိတ်ကုန်ပါ့..

Anonymous said...

သွားသွားလာလာ အရသာ ဓာတ်ပုံလေးတွေ ကြည့်ရှုသွားပါတယ်။ ပီနန်ဘုန်းတော်ကြီးကျောင်းနဲ့ ပီနန်တောင်ရှုခင်းတွေလဲ မျှော်နေပါကြောင်း

ချမ်းမြေ့ပါစေဟု
ချယ်ရီမြေ

ချော(အစိမ်းရောင်လွင်ပြင်) said...

တောင်တက်လမ်းက လှလိုက်တာနော် ကွေ့ပတ်နေတာဘဲ
လမ်းကလည်းကောင်းတယ်..
အောက်က ပုံတွေကတော့ လှလွန်းလို့ ကိုယ်တိုင်ရောက်သွားသလို ခံစားရပါတယ်..
ဟိုအမြင့်ကြီးကိုလည်း စီးချင်ပေမဲ့ မစီးရဲပါကြောင်း :P

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...