ရယ်ဒီမိတ်တွေပေါလောနေတော့ ကျွန်မလည်း အုန်းထမင်းကို ရန်ကုန်က၀ယ်လာတဲ့ ရယ်ဒီမိတ်နဲ့ပဲ ချက်လိုက်တယ်။ " ရွှေသန့်သန့် အုန်းထောပတ်ထမင်း " ဆိုတဲ့အထုပ်ကို Ocean Supercentre ကနေ ၀ယ်လာခဲ့တယ်။ ရန်ကုန်အိမ်မှာချက်စားကတည်းက အရသာကောင်းလို့ သဘောကျနေတာ။ အုန်းနို့ ၊ သကြား အချိန်အစ မတည့်မှာလည်း မပူရဘူး။ တစ်ထုပ်ကို ဆန် နို့ဆီဗူးနှစ်ဗူး (ပေါင်းအိုး ဆန်ချိန်ခွက် ၃ ခွက်)နဲ့ရောချက်ရုံပဲ။ အုန်းနို့နဲ့ထောပတ်နံ့လေးမွှေးပြီး စားလို့ကောင်းတယ်။ တအားလည်း မအီဘူး။ ကြော်ငြာဝင်သလိုဖြစ်သွားလား။ ကျွန်မထုတ်ရောင်းတဲ့ အထုပ်မဟုတ်ပါဘူးနော်။ :) တကယ်စားကောင်းလို့ စာဖတ်သူ အစားအသောက်ကောင်းနှစ်သက်သူများ သိအောင် မျှဝေပေးတာပါနော်။
ဒီအထုပ်လေးနဲ့ချက်တာ :)
အုန်းထမင်းနဲ့လိုက်ဖက်ညီတဲ့ ကြက်သားဟင်းလေးချက်တယ်။ ကြက်သွန်အဖြူနဲ့ ချင်းထောင်းတယ်။ ကြက်သားကို အနေတော်တုံး ရေဆေးပြီး ဆား၊ ဆနွင်း၊ ဟင်းခတ်မှုန့်၊ ငံပြာရည် နဲ့ ကြက်သွန်ဖြူ၊ချင်း ထောင်းထားတာတွေ ရောနယ်နှပ်ထားတယ်။ ကြက်သွန်နီပါးပါးလှီးပြီး ထောင်းတားတယ်။ နာရီဝက်လောက်နေမှ နှပ်ထားတဲ့ ကြက်သားနဲ့ ကြက်သွန်နီ ထောင်းထားတာရော၊ ဆီနဲ့ ငရုတ်သီးအရောင်တင်မှုန့် ထည့်ပြီး နာနာနယ်ပေးပါတယ်။ နယ်ထားတဲ့ ကြက်သားတွေကို မီးဖိုးပေါ်တင်ပြီး အဖုံးအုပ်ပြီး တည်ပါတယ်။ ကြက်သားက ထွက်တဲ့ရေခန်းလို့ ဆီပြန်ပြီဆို ခဏမွှေပြီး ကြက်သားတွေကိုဆီမှာ လှိမ့်ပေးပါတယ်။ ပြီးမှ ရေနွေးထည့်ပြီး ကြက်သားနူးတဲ့အထိတည်ပါတယ်။ ဆီကျန်ရေကျန် ကြက်သားအနူးလေးဆို ရပါပြီ။
အရည်သောက်အနေနဲ့ ချဉ်ပေါင်ဟင်းချိုလေးပေါ့။ ကြက်သွန်နီပါးပါးလှီး၊ ပုဇွန်ခြောက်မှုန့်၊ ငါးပိစိမ်းစား အနည်းငယ်တို့ကို အိုးတစ်လုံးမှာ ရေထည့်ပြီးတည်ပါတယ်။ ပွက်ပွက်ဆူလာရင် ချည်ပေါင်ရွက်ထည့်တည်ပါတယ်။ ငံပြာရည် ဟင်းခတ်မှုန့်ထည့်ပြီး ဟင်းရည်အရသာ ကျသည်အထိ တည်ပါတယ်။ အရသာအနေတော်ဆိုမှ ဆီတစ်စက် နှစ်စက်ထည့်၊ ရုံးပတီသီး ရေဆေးပြီး ခပ်ထူထူလှီးထားတာလေး ထည့်ပြီး မီးပိတ်လိုက်ပါတယ်။
အအီပြေအောင် သခွားချဉ်လေးလုပ်လိုက်တယ်။ သခွားသီးကို အခွံနွှာပြီး ပါးပါးလှီးတယ်၊ ကြက်သွန်နီပါးပါးလှီးပြီး ရေဆေးထားတယ်။ ငရုတ်သီးစိမ်းပါးပါးလှီးတယ်။ နံနံပင် လှီးဖြတ်ထားတယ်။ အားလုံးရောပြီး သံပုရာရေညှစ် ငံပြာရည်လေးအနည်းငယ်စမ်းပြီး ရောနယ်ပါတယ်။
ကဲ၊ အခုဆိုရင်တော့ အုန်းထမင်းမွှေးမွှေးလေးနဲ့ ကြက်သားဟင်းရယ်၊ အအီပြေ ချဉ်ပေါင်ဟင်းချိုနဲ့ သခွားချဉ်ရယ် အားလုံးအဆင်သင့်ဖြစ်သွားပါပြီ။ ။
ပါရမီဖြည့်ဖက်လေး
ပါရမီဖြည့်ဖက်လေး
၂၂း၃၆ နာရီ
၂၁.၀၇.၂၀၁၄
5 comments:
အုန်းထမင်းစားချင်နေတာ။
ချက်ရမှာပျင်းနေတာနဲ့ ဘဲ။
ဒီအထုတ်နံမယ်လေးမှတ်ထားအုန်းမှ။
ကြုံရင်ဝယ်ရအောင်။
ပို့ စ်လေးတွေပြန်တင်လို့ ဝမ်းသာနေတယ်။း)
အိုင်အိုရာ
အုန်ထမင်းမစားရတာတော်တော်ကြာပြီ ချက်စားဦးမယ်…။ နောက်နေ့တွေချက်ဖြစ်လဲ တင်ပါဦးနော်..း)
sis Iora ရေ၊ သတိတရရှိပေးလို့ ကျေးဇူးပါနော်။ sis မိုးငွေ့ရေ ပို့စ်တွေကြိုးစားပြီးတင်ပါ့မယ် :)
Nyima,
I've read your post and want to get that coconut rice packets.So, I asked my Mum to buy those in Ocean Super Centre but she can't find it in 8th mile Ocean.Could you tell me the place(which township) of Ocean Centre that we can buy? Thank you.
East Poin Ocean & Tamwe Ocean တွေမှာဝယ်လို့ရပါတယ်ရှင်။ Online မတက်ဖြစ်လို့ အခုမှပြန်ဖြေဖြစ်တာပါ :)
Post a Comment
ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....