Tuesday, March 6, 2012

" မျှစ်တာလပေါဟင်းနဲ့ ငါလေးချဉ်သုပ် "

မျှစ်တာလပေါဟင်း စားချင်နေတာ တော်တော်ကြာပြီ။ ၀ါးပိုးမျှစ်ရောင်းတာ မတွေ့တာနဲ့ ငြိမ်နေတာ။ တလောက City Hall ကနေ မျှစ်ချဉ်ဝယ်ချက်စားတယ်။ အရင်ဆို ပျဉ်းမနားမျှစ်ချဉ်ထုပ်တွေနဲ့ ချက်တာ။ အဲဒီနေ့ကတော့ ထိုင်းကမျှစ်ချဉ်ပဲ တွေ့တာနဲ့ အဲဒါနဲ့ ၀ယ်ချက်တယ်။ ပျဉ်းမနားမျှစ်ချဉ်လောက် မချဉ်ဘူး။ ပြီးတော့ အလွှာလေးတွေ လွှာထားတာဆိုတော့ တာလပေါချက်ရင် ကောင်းမှာပဲဆိုပြီး အကြံရတယ်။ ဒါနဲ့ စနေနေ့က City Hall ရောက်တော့ အဲဒီထိုင်းမျှစ်ထုတ်လေးတွေ ၀ယ်ခဲ့တယ်။ ရန်ကုန်မှာဆိုရင်တော့ ၀ါးပိုးမျှစ်အတုံးကြီးတွေ ၀ယ်ပြီး ကိုယ့်ဘာသာ လွှာချက်တယ်။ ဒီမျှစ်လည်း ၀ါးပိုးမျှစ်ပဲ။ ဒါပေမယ့် အချဉ် ထည့်ထားတော့ နည်းနည်းတော့ ချဉ်နေတယ်။

အရင်ဆုံး မျှစ်ကို ပြုတ်ပါတယ်။ မျှစ်က သိပ်မချဉ်ဘူးဆိုပေမယ့် အချဉ် လုံးဝ ပျောက်သွားအောင် ရေနဲ့စိမ်ပြီးဆေးလိုက်တယ်။ ပြီးမှ အိုးတစ်လုံးမှာ ထည့်ပြုတ်တယ်။ မျှစ်ပြုတ်ထားတုန်းမှာ ဒညင်းဝက်ကို အခွံခွာပြီးပြီး ခပ်ပါးပါးလှီးထားတယ်။ ရုံးပတီသီးကို တစ်စောင်းလေးတွေ ဖြတ်တယ်။ ပင်စိမ်းကို အရွက်နွှင်ပြီး ရေဆေးထားတယ်။ ငရုတ်သီးစိမ်းကို ရေဆေး ထက်ခြမ်းခြမ်းထားတယ်။ ရေကျိုငါးပိကို ရေအေးလေးနဲ့ ဖျော်ထားတယ်။ ဆန်လက်တစ်ဆုပ်လောက်ကို ဒယ်အိုးမှာ ထည့်လှော်ပြီး ငရုတ်ဆုံနဲ့ ထောင်းထားတယ်။ 

မျှစ်နူးလာရင် ရေဆူကို ကိုယ်လိုချင်သလောက် ဟင်းရည်အနေအထား ထည့်တယ်။ ပြီးတော့ လှော်ထားတဲ့ ဆန်မှုန့်တွေ ထည့်ပြီး မွှေပေးတယ်။ ဆန်မှုန့်ပျော်ပြီး ဆူပွက်ရင် ဖျော်ထားတဲ့ ရေကျိုငါးပိရည်ကို ထည့်ပါတယ်။ ဟင်းရည်ကျအောင် အဖုံးဖွင့်ပြီး ဆက်တည်ပေးထားတယ်။ ငံပြာရည်နဲ့ အချိုမှုန့်ထည့်တယ်။ အရင်တော့ ပုဇွန်ခပ်သေးသေးတွေချေပြီး  ထည့်ခပ်ချက်တယ်။ ဟင်းရည်ချိုအောင်လို့။ ဒီတစ်ခါတော့ ပုဇွန်ဝယ်ထားတာ မရှိတာနဲ့ မထည့်တော့ဘူး။ ဒညင်းဝက်လှီးထားတာတွေ ထည့်ပြီး ခဏဆက်တည်ပေးတယ်။ ဟင်းရည်လည်း အနေတော်ဖြစ်၊ မျှစ်နဲ့ ဒညင်းဝက်နူးရင် ရုံးပတီသီးထည့်၊ ငရုတ်သီးစိမ်းထည့်မွှေပါတယ်။ ပြီးတာနဲ့ ပင်စိမ်းအုပ်ပြီး မီးပိတ်လိုက်တယ်။ ဒါဆို မျှစ်တာလပေါဟင်း ပူပူစပ်စပ် မွှေးမွှေးလေး ရပါပြီ။

မျှစ်တာလပေါနဲ့ စားဖို့ ငါးလေးချဉ်သုပ် သုပ်တယ်။ ကြက်သွန်ဖြူ၊ နီ ပါးပါးလှီး၊ နံနံပင်၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း နဲ့ ငါးလေးချဉ်ကို အချိုမှုန့်၊ ငံပြာရည်နည်းနည်းနဲ့ ဆီထည့်ပြီး ရောနယ်သုပ်လိုက်တယ်။ ကဲ- ပူပူစပ်စပ် မျှစ်တာလပေါနဲ့ ငါးလေးချဉ်သုပ်လေး စားကြရအောင်နော်။





4 comments:

မြူးမြူး said...

ညီမချိုရေ.. ငါးပိက ရေကျိုငါးပိလား စိမ်းစားငါးပိလားဟင်..

ပါရမီဖြည့်ဖက်လေး said...

မမြူရေ- ငါးပိက စိမ်းစား ငါးပိမဟုတ်ပါဘူး။ ငါးပိရည်ကျိုကိုထည့် ချက်ရတာပါ။ ငါးပိကို အရင်ကျိုထားပြီးမှ ဟင်းထဲထည့်ချက်တာပါ။

ချော(အစိမ်းရောင်လွင်ပြင်) said...

တာလပေါဟင်းရော ငါးလေးချဉ်ရော ကြိုက်တယ်
စားချင်လိုက်တာ
တာလပေါချက်နည်းလေး မှတ်သွားတယ်နော်..

mstint said...

မောင်ဆူးသစ်တစ်ယောက် မြိန်ရည်ယှက်ရည် စားသုံးနေမှာ
မြင်ယောင်ပါသေးတယ် ပါရမီဖြည့်ဖက်လေးရေး)
တီတင့်လည်းချက်စားအုံးမယ်။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...