Sunday, October 30, 2011

"ပုဇွန်အ၀ါရောင်ဟင်းနဲ့ ကျွန်မရဲ့မွေးနေ့"

ကျွန်မမွေးနေ့မှာ မြတ်စွာဘုရားကို ကပ်လှူဖို့ ချက်ဖြစ်ခဲ့တဲ့ ဆွမ်းဟင်းလေးတစ်ခွက်ပါ။ ပုဇွန်အ၀ါရောင် ဟင်းလေးပေါ့။

ပုဇွန်တွေကို ရေဆေး၊ ခေါင်းဖြုတ်၊ အခွံခွာပါတယ်။ အမြီးလေးကိုတော့ ချန်ထားပါတယ်။ ချယ်ရီခရမ်းချဉ်သီးလေးတွေကို ရေဆေးပြီး ထက်ခြမ်း ခြမ်းထားပါတယ်။ ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်၊ ဆီပူလာရင် အုန်းနို့ထည့်ပြီး မွှေပါတယ်။ အုန်းဆီလေးတက်လာရင် အ၀ါရောင်ဟင်း အနှစ်လေး ထည့်ပါတယ်။ ဒီအ၀ါရောင် ဟင်းအနှစ်ကိုလည်း ထိုင်းဆိုင်ကပဲ ၀ယ်ထားတာပါ။  ဟင်းနှစ်နဲ့ အုန်းနို့နှံ့သွားရင် ပုဇွန်လေးထည့် မွှေပါတယ်။ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပါတယ်။ ပုဇွန်လေးတွေ ကွေးလာရင် ခရမ်းချဉ်သီးလေး တွေ ထည့်မွှေပါတယ်။ ခဏမွှေပြီးရင်ရပါပြီ။ သိပ်အကြာကြီး မတည်ပါဘူး။ ခရမ်းချဉ်သီးတွေ ကျေကုန်မှာစိုးလို့။ ဒါဆို လွယ်လွယ်နဲ့ မြန်မြန်ချက်လို့ရတဲ့ ပုဇွန်အ၀ါရောင်ဟင်းလေး တစ်ခွက်ရပါပြီ။




မွေးနေ့မှာ ကိုယ်တိုင်အနေနဲ့ အိမ်းဘုရားမှာ ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်တာပဲ လုပ်နိုင်ပါတယ်။ ကျွန်မ မွေးနေ့မှာ စာရေးဆရာက အလုပ် သွားရတာကြောင့်ပါ။ မွေးနေ့ပြီး နောက်တစ်ရက်မှပဲ မြန်မာဘုန်းကြီးကျောင်းနဲ့ ကွမ်ရင်မယ်တော် ဘုရားကျောင်းကို ဇနီးမောင်နှံ နှစ်ယောက် သွားကြပါတယ်။ ဘုရားဖူးရင်း မွေးနေ့အတွက် အလှူငွေလေးတွေ လှူဖြစ်ပါတယ်။ တကယ်တော့ ကျွန်မတို့ဇနီးမောင်နှံက ကျွန်မမွေးနေ့မှာ အိမ်က မိသားစုတွေ လှူဒါန်းလေ့ရှိတဲ့ မိဘမဲ့ကလေးကျောင်းမှာ တစ်ရက်စာ လှူဒါန်းဖို့  ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့် အလှူရှင်တွေ ပြည့်နေတာကြောင့် ရက်မရခဲ့ပါဘူး။ ဒီတော့ အိမ်က ကျွန်မအဒေါ်တွေ အစီအစဉ်နဲ့ပဲ ကျွန်မတို့ ဇနီးမောင်နှံရဲ့ အလှူအဖြစ် မွေးနေ့ညမှာ ရွှေတိဂုံစေတီတော်မြတ်ကြီးကို တစ်ညတာလုံး မီးပူဇော်ခြင်း၊ စစ်ကိုင်းတောင်ရိုးမှာ တပ်ဆင်နေတဲ့ စက်လှေကား တပ်ဆင်ခြင်းမှာ ပါဝင်လှူဒါန်းခြင်း၊ လှိုင်သာယာမှာ ရှိတဲ့ ဘိုးဘွားရိပ်သာမှာ ငွေပဒေသာပင်ထည့်ခြင်း၊ မိသားစုဝင်များနဲ့ စုပေါင်းလို့ ရွှေတိဂုံစေတီတော်မှာ ရေသန့်စက် လှူဒါန်းခြင်း စတာတွေကိုတော့ မိသားစုရဲ့ အကူအညီနဲ့ လှူဒါန်းနိုင်ခဲ့ပါတယ်။ မွေးနေ့မှာ အလှူအတန်းလေးတွေ လုပ်နိုင်လိုက်တဲ့အတွက် စိတ်ထဲမှာတော့ ကြည်နူးမိပါတယ်။ မွေးနေ့ညကဆို အိမ်ကနေ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ရည်မှန်းပြီး ကြည်ညိုနေမိပါတယ်။ 

နောက်ပြီး မွေးနေ့မှာ ကျွန်မအဘိုး၊ အဘွားနဲ့ မိဘတွေဆီဖုန်းခေါ်ဖြစ်တယ်။ ကျွန်မရဲ့ မွေးမိခင်ကို ဖုန်းထဲကနေ လှမ်းကန်တော့လိုက်တယ်။ ကျွန်မကို လောကကြီးထဲကို မွေးဖွားခေါ်ဆောင်ပေးခဲ့တဲ့ မေမေ့ကို  ကျေးဇူးပါ မေမေ။ ကျွန်မဘွားဘွားကလည်း ကျွန်မမွေးနေ့အတွက် ဘုရားဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူပေးနေတယ်တဲ့။ ကျွန်မကို သိပ်ချစ်တဲ့ ဘိုးဘိုး၊ ဘွားဘွား၊ မိဘတွေ၊ အဒေါ်တွေ၊ ဦးလေးတွေ ရှိနေတဲ့အတွက် ကျွန်မကိုယ်ကျွန်မ သိပ်ကံကောင်းတယ်လို့ ထင်ပါတယ်။ နောက်ပြီး ကျွန်မအပေါ်မှာ အဖေတစ်ယောက်လို၊ အစ်ကိုတစ်ယောက်လို ဆုံးမတတ်ပြီး၊ ကျွန်မကို ကလေးတစ်ယောက်လို အလိုလိုက်တတ်တဲ့ ခင်ပွန်းသည် ရှိနေတော့ ကျွန်မအတွက်တော့ ဘ၀ဟာ အရာရာ ပြည့်စုံလို့နေပါတော့တယ်။

မွေးနေ့အမှတ်တရအနေနဲ့ ခင်ပွန်းသည်ဆီက ဟောဒီ ပစ္စည်းလေးတွေ ရလိုက်ပါတယ်။


 အမှန်တော့ အိတ်က တစ်လုံးပဲဝယ်ဖို့ပါဘဲ။ ခင်ပွန်းသည်က အပေါ်က အမည်းရောင်လေးကို ကြိုက်တယ်။ ကျွန်မက အောက်က ပန်းရောင်လေးကို ကြိုက်တယ်။ ညှိမရတော့ နှစ်လုံးဖြစ်သွားတယ်။ ကျွန်မ သိပ်စိတ်ဆိုးတယ် :-)

 
ဒါလေးတွေကတော့ Body Shop က Skin Care လေးတွေပါ။ ပထမတော့ စမ်းသုံးကြည့်ဖို့ Starter Kit လေးပဲ ၀ယ်ခဲ့တာ၊ နောက်တော့ မွေးနေ့မှာ discount ရမယ်ဆိုတာနဲ့ လိုတာတွေ ထပ်ရလိုက်တယ်။




7 comments:

Baby taster said...

ပါရမီလေး
မွေးနေ့ပေါင်းများစွာကို ပါရမီလေး ချစ်တဲ့
ခင်ပွန်း မိသားစုအားလုံးနဲ့ အမြဲဆင်နွဲနိုင်ပါစေ။
ဆန္ဒနဲ့ ဘ၀တထပ်တည်းကျပါစေ။ သားသားမီးမီးတွေ
အများးးးးးးးးးးးးးးး ကြီးရပါစေး)

rose said...

Oh...you are also October born!! Happy Birthday to you. Wish you all the best.

rose said...

What a coincidence!! I bought also skin care product from Body Shop, ginger shampoo. It was also discount for my birthday :)))

Iora said...

စိတ်ဆိုးနေတဲ့ ပါရမီဖြည့်ဖက်လေး..
လိမ္မာတဲ့ ပါရမီလေးကို အားလုံးကချစ်ကြတာမဆန်းပါဘူးကွယ်။ ဒို့ မွေးနေ့ တုန်း ကလည်း ဘော်ဒီရှော့ က ဒစ်စကောင့်ရတယ်။ အဲဒီနေ့ မှာ မင်ဘာကဒ်လုပ်လိုက်တာ နောက်နှစ်မွေးနေ့ ကျတော့ အိတ်တလုံးနဲ့ ပစ္စည်းတွေ ဖရီးလက်ဆောင်ရတယ်။ မမှတ်တော့ဘူး အစိတ်လားမသိဘူးပေးရတယ်။ ဒါပေမဲ့ ပစ္စည်းတွေ က အများကြီးပိုတန်တယ်။ လေး ငါး မျိုး လည်းရွေး လို့ ရတယ်။ နောက်တော့ ပျောက်သွားတဲ့ပိုက်ဆံအိတ်ထဲကဒ်ပါသွားလို့ ထပ်မလုပ်ဖြစ်တော့ဘူး။

ချော(အစိမ်းရောင်လွင်ပြင်) said...

Happy Birthday ပါ ပါရမီဖြည့်ဖက်လေးရေ
လက်ဆောင်လေးတွေကြည့်ပြီး ကြည်နူးသွားပါတယ်
ပျော်ရွှင်ခြင်း၊ ချစ်ခင်ခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် ချစ်ခင်သူများနဲ့ တစ်သက်တာပတ်လုံး မခွဲမခွာ နေခွင့်ရပါစေလို့နော်..

Myo Mon Yee Oo said...

ံHappy Birthday

အမ်တီအန် said...

ပျော်ရွှင်မွေးနေ့ရက်မြတ်ဖြစ်ပါစေနော်...။
ပုဇွန်ဟင်းလေးက မွှေးနေတာပဲ .. :)

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...