Sunday, October 2, 2011

" ၀က်သားစဉ်းကောအစပ်ကြော်နဲ့ ကြက်ခြေထောက်ဟင်းရည် "

အခုတလော ကျွန်မတို့ ဇနီးမောင်နှံနှစ်ယောက်လည်း အပြင်မှာပဲ ထမင်းစားဖြစ်တာ များနေတာကြောင့် ဟင်းမချက်ဖြစ်တာ ကြာပါပြီ။ ဒီတော့ ပို့စ်လည်း မတင်ဖြစ်၊ ဘလော့ကာ မိတ်ဆွေတွေဆီလည်း အလည်မရောက်ဖြစ်တာကြာပြီပေါ့။ ခင်ပွန်းသည်ကတော့ ကျွန်မကို ဘလော့လေးကို ပစ်မထားမိဖို့ အမြဲသတိပေးပါတယ်။ ဒီနေ့တော့ ရုံးပိတ်ရက်လည်းဖြစ်တော့ စာရေးဆရာက ထိုင်းဟင်း တစ်ခွက်လောက် ချက်ကျွေးဖို့ ပြောပါတယ်။ ကျွန်မတို့နှစ်ယောက်လည်း ထိုင်းဆိုင်က အစားအစာတွေဆို ကြိုက်တာ များပါတယ်။ အစပ်ကြိုက်တာကိုး။ 

ဒီတော့ သည်နေ့ ၀က်စဉ်းကောအစပ်ကြော်လေး ချက်စားဖြစ်ပါတယ်။ ၀က်သား စဉ်းထားတာကို ရေဆေးပြီး ဂျင်းမှုန့်၊ ဆား၊ အချိုမှုန့်နဲ့နယ်ထားပါတယ်။ ငရုတ်သီးစိမ်း အနီတောင့်၊ ကြက်သွန်ဖြူနဲ့ နံနံပင် အမြစ် (နံနံရွက်မပါ။ အမြစ်ချည်းသက်သက်) ကို ရောထောင်းပါတယ်။ မီးဖိုပေါ်ဆီအိုးတင် ဆီပူလာရင် ထောင်းထားတာတွေ ရောပြီး ဆီသတ်ပါတယ်။ ကြက်သွန်ဖြူ အ၀ါရောင်သန်းပြီး မွှေးလာရင် နယ်ထားတဲ့ ၀က်သားတွေထည့်ကြော်ပါတယ်။ အရသာအတွက် ငံပြာရည်၊ အချိုမှုန့်နဲ့ ခရုဆီထည့် ပါတယ်။ ပြီးတော့ ကြက်သားပြုတ်ရည်လေး ထည့်ပြီး ၀က်သားနူးပြီး ဆီပြန်အောင် ကြော်ပေးပါတယ်။ ဆီပြန်ရင် ငရုတ်သီးစိမ်း ပါးပါးလှီးနဲ့ နံနံပင်လေး ရေဆေးထည့်လိုက်ရင် ရပါပြီနော်။ ထိုင်းဆိုင်တွေ မှာတော့ ပူစီနံ ထည့်ပါတယ်။ ကျွန်မကတော့ ပူစီနံ ၀ယ်ထားတာ မရှိလို့ နံနံပင်ပဲထည့်လိုက်တာပါ။

အရည်သောက်အဖြစ် ကြက်ခြေထောက် ချဉ်စပ်ဟင်းရည်လေး ချက်သောက်ပါတယ်။ ကြက်ခြေထောက်တွေကို ရေဆေးပြီး ဂျင်းမှုန့်၊ ဆား၊ အချိုမှုန့်နဲ့ နယ်ပါတယ်။ ပြီးတော့ အိုးတစ်လုံးမှာ ရေထည့်ပြီး ကြာကြာလေး ပြုတ်ပါတယ်။ ၀က်စဉ်းကောကြော်လည်း ကြက်ပြုတ်ရည် ထည့်ကြော်တော့ အဆင်ပြေပါတယ်။ ကြက်ပြုတ်ရည်ရရင် အပေါ့အငံပြင်ပါတယ်။ ပြီးတော့ သံပုရာရည်ညစ် ငရုတ်သီးစိမ်းပါးပါး ထည့်ပြီး နံနံပင်အုပ်လိုက်ပါတယ်။ ဒါဆို ကြက်ခြေထောက်ဟင်းရည်လေး ရပါပြီ။







2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြက်ခြေထောက်ကြိုက်တာချင်းတူတယ်
ကြက်ခြေထောက်ကို ဘယ်လိုလုပ်စားစားကြိုက်တယ်
သူများတွေက ခြေထောက်ကြိုက်လို့ ထူးဆန်းနေကြတယ်
တတ်နိုင်ဘူးလေ ကြိုက်တာကိုးနော်
ဝက်သားစင်းကောလေးက ထမင်းမြိန်မှာသေချာတယ်

rose of sharon said...

ဝက်သားစင်းကောကြိုက်တယ်... ချဉ်စပ်ဟင်းချိုလေးနဲ့လည်းလိုက်တယ်နော်...

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...