Sunday, October 23, 2011

"၀က်စတူး"

ဒီနေ့ နေ့လယ်စာကို စာရေးဆရာက ၀က်စတူး စားချင်တယ်ဆိုတာနဲ့ မနက်က ဈေးသွား ကြတယ်။ ဈေးရောက်တော့ ၀က်သုံးထပ်သားက သိပ်ကောင်းကောင်းမရှိဘူး။ ဒီတော့ ၀က်လက်နဲ့ ချက်မယ်ဆိုပြီး ၀က်လက်ဝယ်ခဲ့တယ်။

ဝက်လက်ကို ရေစင်အောင်ဆေးပြီး ဆားနဲ့နယ်ထားတယ်။ ဒယ်အိုးထဲမှာ ဆီထည့်၊ ဆီပူရင် သကြားနည်းနည်း ထည့်ကြော်လိုက်တယ်။ သကြားကြေပြီး အညိုရောင်သန်းသွားရင် ဆီထဲကို ၀က်လက်တုံးလေးတွေ ထည့်ကြော်ပါတယ်။ ဆီပေါက်တာတော့ တော်တော်ရှောင်လိုက်ရတယ်။ ၀က်လက်တုံးလေးတွေ နီရဲလာပြီဆို နာနတ်ပွင့်လေး နည်းနည်း ထည့်ကြော်ပါတယ်။ ပြီးရင် ၀က်လက်တုံးလေးတွေကို ဒယ်အိုးထဲကဆယ်ပြီး အိုးတစ်လုံးထဲ ထည့်ပါတယ်။ ပြီးတော့ ပဲငံပြာရည် အနောက်၊ အကြည်၊ ဆား၊ အချိုမှုန့်၊ တရုတ်မဆလာ၊ ခရုဆီ၊ ဗနီကာ စတာတွေထည့်ပြီး ရောမွှေလိုက်ပါတယ်။ အရသာတွေ နှံ့သွားပြီဆို ရေဆူများများထည့်ပြီး မီးငွေ့ငွေ့နဲ့ ကြာကြာတည်ပေးပါတယ်။ အသားတွေ နူးအိသွားပြီဆို ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းစေ့ ရောထောင်းထားတာလေး အုပ်ပြီး မီးပိတ်လိုက်ပါတယ်။ ကျွန်မက အရည်စမ်းစားရတာ ကြိုက်လို့ အရည်လေးခပ်များများလေး ကျန်အောင် ချက်ပါတယ်။ ကန်စွန်းရွက်ကို ရေဆေးထားပါတယ်။ စားခါနီးမှာ ၀က်စတူးကို ပြန်နွေးပြီး ကန်စွန်းရွက်လေး အုပ်လိုက်ပါတယ်။ ဒါဆို ၀က်လက်စတူးရပါပြီ။  ကျွန်မက ကန်စွန်းရွက် နွမ်းသွားတာကို မကြိုက်လို့စားခါနီးမှထည့်တာပါ။

အအီပြေအောင် အချဉ်ဖျော်ပြီး တွဲစားပါတယ်။ ကြက်သွန်ဖြူ၊ ငရုတ်သီး ရောထောင်းပါတယ်။ ပြီးတော့ သံပုရာရည်၊ ဆား၊ အချိုမှုန့်နဲ့ ရေကျက်အေးလေးနည်းနည်း ရောပြီး ဖျော်ပါတယ်။ 

ဝက်လက်စတူးလေး။



အအီပြေ သံပုရာရည်အချဉ်လေး။


6 comments:

mstint said...

တီတင့်ရဲ့သားတော်မောင်အတွက် ချက်ပေးမလို့ နည်လေးယူရင်း အားပေးသွားတယ် ပါရမီဖြည့်ဖက်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

ဝက်စတူးကို ကိုယ့်ဘာသာတစ်ခါမှမလုပ်စားဖူးဘူး...။ ဒီပိတ်ရက်ကျလုပ်ကြည့်ဦးမယ်..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြိုက်တယ်
ဝက်စတူးကို ဘယ်လောက်စားစား မအီဘူး
ဝက်သားဆို အခေါက်ကို ပိုပြီး ကြိုက်တာမို့လို့လေ...
ကြည့်ရင်းနဲ့ စားချင်တာ ထိန်းမရဘူး

အမ်တီအန် said...

ဆွဲဆောင်မှုရှိတဲ့ ဟင်းတစ်ခွက်အတွက် သွားရည်တောက်တောက် ယိုသွားရပါတယ်။

မဒမ်ကိုး said...

မေ့နေတဲ့ဟင်းတစ်ခွက်ကို သတိရပြီမရေ ..
ချက်စားကြည့်မယ်
ကျေးဇူးပါ
ပြောရင်းသွားရေကထိန်းမရတော့ဘူးး)

Unknown said...

ကြိုက်သွားပီ
ဒီလိုဆို ဘာလိုသေးလဲ ဦးကြီးရယ်ပေါ့

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...