Sunday, October 9, 2011

"ကင်းမွန်ကို ၀က်သားအစာသွပ်ထားတဲ့ နေ့လယ်စာ"

ဒီနေ့တော့ ထိုင်းဟင်းလျာ တစ်မျိုးဖြစ်တဲ့ ကင်းမွန် ၀က်သားအစာသွပ်ကြော်လေး ချက်စားဖြစ်ပါတယ်။ ပထမဆုံး ကင်းမွန်ကို သန့်စင်ပြီး ရေဆေးပါတယ်။ ကင်းမွန် အတွင်းပိုင်းကိုလည်း ဗနီကာလေး လောင်းထည့်ပြီး ဆေးပေးပါတယ်။ ပြီးတော့ အကောင်လိုက်လေးပဲ ဇကာနဲ့ ရေစစ်ထားပါတယ်။ နံနံပင်အမြစ် သုံးလေးခုလောက်ကို ရေစင်စင်ဆေးပြီး ညက်အောင်ထောင်းပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို ခပ်နုတ်နုတ်စင်းပါတယ်။ ဇလုံတစ်လုံးမှာ ၀က်သားကြိတ်သား၊ နံနံပင်အမြစ် ညက်ညက်ထောင်းထားတာ၊ ကြက်သွန်ဖြူ၊နီ နုတ်နုတ်စင်း၊ ပဲငံပြာရည်၊ ငါးငံပြာရည်၊ အချိုမှုန့် စတာတွေ ရောထည့်ပါတယ်။ ကြက်ဥတစ်လုံး ဖောက်ပြီး အကာကို လောင်းထည့်ပြီး သေသေချာချာ နယ်ပါတယ်။ အသားနယ်ပြီးရင် ခုနက ရေစစ်ထားတဲ့ ကင်းမွန်ထဲကို သိပ်ထည့်ပြီး အစာသွပ်ပေးပါတယ်။ 

အိုးတစ်လုံးမှာ ရေထည့်တည်ပါတယ်။ ရေဆူရင် အိုးအဖုံးဖွင့်ပြီး ဇကာတစ်လုံးခံပြီး ဇကာထဲမှာ အသားသွပ်ထားတဲ့ ကင်းမွန်ကို ထည့်ပြီး ရေနွေးငွေ့နဲ့ ပေါင်းပေးပါတယ်။ အသား ကျက်ရင် ပေါင်းထားတဲ့ ကင်းမွန်အစာသွပ်ကို ပန်းကန်ပြားနဲ့ထည့်ပြီး အအေးခံထား ပါတယ်။ အေးသွားရင် ဒါးနဲ့ တစ်လက်မ အရွယ်လောက် လှီးဖြတ်ပါတယ်။

ရေခဲမှိုခြောက် လေးငါးပွင့်ကို ရေစိမ်ပြီး ခပ်ပါးပါးလှီးထားပါတယ်။ ကြက်သွန်ဖြူနဲ့ ဂျင်းကို နုတ်နုတ် စင်းထားပါတယ်။ ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်၊ ဆီပူရင် ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ဖြူ အ၀ါရောင်သန်းပြီး မွှေးလာရင် ဂျင်းထည့်သပ်ပါတယ်။ ပြီးတော့ မှိုထည့်ကြော်ပါတယ်။ မှိုထည့်ပြီး ခဏနေမှ လှီးထားတဲ့ ကင်းမွန်အစာသွပ်တွေရောထည့် ကြော်ပါတယ်။ ပဲငံပြာရည်အကြည် (ကြာညို့)နဲ့ ခရုဆီထည့်ကြော်ပါတယ်။ မှိုရောအသားပါ ကျက်ပြီး မီးပိတ်ခါနီးမှ ငရုတ်သီးလှီးထားတာနဲ့ ကြက်သွန်မြိတ်ကို ထည့်အုပ်လိုက်ပါတယ်။ ဒါဆို ကင်းမွန် ၀က်သားအစာသွပ်ကြော်လေး ရပါပြီ။






ဟောဒါက ကြော်ပြီးခါစ ဒယ်အိုးထဲမှာ


အရည်သောက်အဖြစ်နဲ့တော့ အလွယ်တကူ ခနောတုံးနဲ့ပဲ ချက်လိုက်ပါတယ်။ အိုးတစ်လုံးမှာ ရေထည့်တည်၊ ရေဆူရင် ခနောတုံး တစ်တုံးထည့်၊ ရေတစ်ခါပြန်ဆူရင် ပြောင်းဖူး အသေးလေးတွေလှီးထားတာထည့်၊ ငုံးဥပြုတ်ထားတာထည့်၊ ကြက်ဥတစ်လုံး ဖောက်ထည့်ပါတယ်။ စားခါနီးမှ အရည်ကို ပူအောင်ပြန်နွေးပြီး အရည်ပူပူထဲကို မုန်ညှင်းနဲ့ ကြက်သွန်မြိတ်ခပ်သောက်ပါတယ်။



ကင်းမွန်ထဲအစာသွပ်ပြီးတော့ ၀က်သားတွေ ကျန်နေသေးတာနဲ့ ၀က်သားလုံးလေးတွေလုံးပြီး ခုနက ကင်းမွန်ပေါင်းသလိုပဲ ဇကာထဲထည့်ပြီး ရေနွေးငွေ့နဲ့ပေါင်းလိုက်တဲ့အခါ နေ့ခင်း အဆာပြေစားဖို့ ၀က်သားပေါင်းလေးပါ ရလာပါတယ်။



6 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကင်းမွန်လေးတွေက ချစ်ဖို့တောင်ကောင်းနေသေး
စားတောင်မစားရက်ပါလားနော်
လှလည်းလှတယ်
ဟင်းကောင်းလေးတွေ ချက်တတ်လို့ ပါရီမီဖြည့်ဖက်လေးရဲ့ အိမ်ဦးနတ်ကတော့ ကျေနပ်နေမှာ သေချာတယ်

Vista said...

တခါမှလုပ်မစားဖူးဘူး .. လုပ်စားကြည့်အုံးမှ ကျေးဇူးပါ

mstint said...

ဟင်းချက်နည်းအသစ်လေးလာရောက်လေ့လာအားပေးသွားတယ် ပါရမီဖြည့်ဖက်လေးရေ။ တီတင့်က ဝက်မစားတော့ ကြက်အစားထိုးစမ်းချက်ကြည့်မယ်။ ဆူးသစ်တစ်ယောက် တစ်နေ့တစ်ခြား ဝိတ်တွေတိုးနေမှာမြင်ယောင်တယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

စားချင်စရာလေး...အိမ်မှာလုပ်စားကြည့်ဦးမယ်...

cho theဲ Htut said...

ကင်းမွန်ကိုအရမ်းကြိုက်ပြီး ဝက်သားမစားတော့ ကြက်သားကိုချက်ကြည့်မယ်နော်၊ ဟင်းတွေမျက်စိနဲ့စားရတာသားရေတောင်ယိုတယ် ရှလွတ်

cho theဲ Htut said...

မ ရေ ကျမ က င်းမွန်အရမ်းကြိုက်ပြီးတော့ ဝက်သားမစားတော့ ကြက်သားကိုသုံးမယ်နော်၊ ချက်တာတွေမြင်ရတာ သားရေကျလာပြီ ရှလွတ်...

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...