Sunday, July 17, 2011

"ကြက်အူချောင်းသုပ်"

တစ်နေ့ညက နှစ်ယောက်သား ညစာကိုဘာနဲ့ စားရင်ကောင်းမလဲ တိုင်ပင်ကြတယ်။ ရန်ကုန်က အမျိုးတွေ ထည့်ပေးလိုက်တဲ့ ကြက်အူချောင်းတွေ မနည်းဘူး။ စားပစ်မှဖြစ်မယ်ဆိုတော့ စာရေးဆရာက ကြက်အူချောင်း ကြော်ဆို လုံးဝမစား။ ဒီတော့ ကျွန်မလည်း သုပ်ကျွေးမယ်လေဆိုပြီး ညှိကြည့်လိုက်တာ အဆင်ပြေသွားတာနဲ့ သုပ်စားဖြစ်ကြတယ်။

ကြက်အူချောင်းတွေကို ရေဆေးပြီး အိုးတစ်လုံးမှာ ရေနည်းနည်းနဲ့ ထည့်ပြုတ်လိုက်တယ်။ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ သခွားသီး၊ ကြက်သွန်မြိတ် စတာတွေကို ရေဆေးပြီး လှီးထားလိုက်တယ်။ နောက်ပြီး အချဉ်ရည်ကျိုပါတယ်။ အရင်ဆုံး မကျည်းသီးမှည့်ကို ရေနွေးနဲ့ စိမ်ပြီး အရည်ဖျော်ပါတယ်။ အိုးတစ်လုံးမှာ ငရုတ်ဆီထည့်၊ မကျည်းရည်ထည့်၊ ငံပြာရည်၊ အချိုမှုန့်နဲ့ သကြားအနည်းငယ်ဆီထည့်ပြီး မီးငွေ့ငွေ့နဲ့ ကျိုပါတယ်။ အချဉ်ရည်ပျစ်လာပြီး အရသာအနေတော်ဆို ရပါပြီ။

ပြုတ်ထားတဲ့ ကြက်အူချောင်းတွေကို မထူမပါး တစ်စောင်းလေးတွေ လှီးဖြတ်ပါတယ်။ ပန်းကန်ထဲမှာ ကြက်အူချောင်း၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန်မြိတ် စတာတွေထည့် အချဉ်ရည် လောင်းပြီး ရောနယ်သုပ်ပါတယ်။ အပေါ့အငံလိုသလို ပြင်ပါတယ်။ ကျွန်မတို့ နှစ်ယောက်ကတော့ အစပ်ကြိုက်လို့ ချဉ်စပ်လေး သုပ်စားပါတယ်။ ပြီးမှ သခွားသီး အကွင်းလိုက် လှီးထား တာလေးတွေကို ဘေးကရံလိုက်ပါတယ်။

ကြက်အူချောင်းသုပ်ဖို့ အဆာပလာတွေ ပြင်ထားတာ


အချဉ်ရည်







3 comments:

စန္ဒကူး said...

စားချင်စရာလေး...ကူးလဲအရမ်းကြိုက်တာ..
အဲဒါနဲ့ ကြက်အူချောင်းတွေများကြီးစားနဲ့နော်...
မရောင်းဘဲ ဖယ်ထုတ်လိုက်တဲ့ အသားတွေကိုပါအကုန်ရောကြိတ်တာတဲ့။
ဟိုမုန်းထိုးထားတဲ့ကြက်တွေဆို ပိုပြီးဆိုးတယ်လို့ပြောတယ်။
ဒါပေမယ့်ကူးစိတ်ထင် နာမည်ကြီး ကုမ္ပဏီတွေက လုပ်ပါ့မလားလို့...
သတိတော့ထားပေါ့လေ...
စေတနာဖြင့်..
ကူးကူး

Cameron said...

ကြက်အူချောင်းကို တစ်ခါမှာ အဲလိုမသုပ်စားဖူးဘူ အဆန်းပဲ...။
လုပ်စားကြည့်ဦးမယ်...။

ခင်တဲ့
မိုးငွေ့

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြက်အူချောင်းသုပ်တဲ့ ကြံကြံဖန်ဖန် ကြည့်ရတာစားချင်စရာလေး ဗိုက်ဆာလာတယ် အချဉ်လေးနဲ့ သုပ်ထားတော့ ပိုလို့စားကောင်းမှာ သေချာတယ်

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...