Tuesday, February 26, 2013

"ငါးရံ့အူ အချဉ်ဆီပြန်"

ကျွန်မ ဘလော့လေးလည်း ပို့စ်အသစ်မတင်ဖြစ်တာ တော်တော်ကြာပါပြီ။ အလုပ်များနေတာရယ်၊ ဟင်းတွေကလည်း ပို့စ်တင်ပြီးသားဟင်းတွေပဲ ချက်စားဖြစ်တာကြောင့်ပါ။

ဒီနေ့တော့ ဈေးထဲမှာ ငါးရံ့အူရတာနဲ့ ချက်စားဖြစ်တာကြောင့် ငါးရံ့အူဟင်းအကြောင်းလေး တင်ဖြစ်သွား တာပါ။

ငါးရံ့အူကို အူခွဲပြီး အစာဟောင်းတွေ ခြစ်ထုတ်ပါတယ်။ သည်းခြေကိုလည်း ထုတ်ပစ် ရပါတယ်။ တော်တော်ကြာကြာကို စိတ်ရှည်လက်ရှည် လုပ်ပေးရပါတယ်။ ပြီးမှ ရေစင်အောင်ဆေးကြောပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် အနည်းငယ် (အသားနယ်တဲ့နေရာမှာ ကြက်သားမှုန့်သုံးရတာ မကြိုက်လို့ အချိုမှုန့် သုံးပါတယ်) နဲ့ နယ်ထားပါတယ်။

ကြက်သွန်ဖြူ၊နီ၊ ချင်း ငရုတ်တစ်စုံ ထောင်းထားပါတယ်။ မန်ကျည်းသီး အနည်းငယ် ကို ရေဆေးပြီး ရေနွေးလေးနဲ့ စိမ်ထားပါတယ်။ ဒယ်အိုးထဲကို ဆီထည့်ပြီး ဆီပူလာရင် ဆနွင်းလေး နည်းနည်း ထည့်ပါတယ်။ တစ်ဆက်တည်း ငရုတ်သီး ကြက်သွန်ဖြူနီ၊ချင်း ထောင်းထားတာ ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်လေးတွေ ရွှေရောင်သန်းပြီး ကျွတ်လာရင် မဆလာလေးထည့်ပြီး ငါးရံ့အူတွေ ထည့်ပါတယ်။ ငံပြာရည်နဲ့ ကြက်သားမှုန့် (ဒီနေရာမှာ အချိုမှုန့်အစား ကြက်သားမှုန့် သုံးပါတယ်) ထည့်လုံးပါတယ်။ ငါးအူကထွက်တဲ့ ရေကုန်လို့ ဆီပြန်ပြီး မွှေးလာမှ နူးအောင် ရေနွေးထည့် တည်ပါတယ်။  ရေခမ်းခါနီးရင် ရေနွေးစိမ်ထားတဲ့ မန်ကျည်းရည် ထည့်တည်ပါတယ်။ ရေခမ်းပြီး ဆီပြန်ရင် မဆလာအနည်းငယ် ထပ်ထည့်အုပ်ပြီး မီးဖိုမီးပိတ်ပါတယ်။ ဒါဆို မဆလာနံ့ သင်းသင်းလေးနဲ့ အချဉ်ဆီပြန် ငါးရံ့အူဟင်းလေးရပါပြီ။





 ပါရမီဖြည့်ဖက်လေး
၂၅.၂.၂၀၁၃

2 comments:

Aunty Tint said...

မမြင်တာကြာပေါ့ ပါရမီဖြည့်ဖက်လေးရေ ...
ငါးရံ့အူဆီပြန်ချက်လေးကို ကိုင်တွယ်ရတာလက်ဝင်လို့
တစ်ခါတစ်ရံ အဒေါ်အိမ်မှာသွားစားတတ်တယ် :P
စိတ်ရှည်ရှည်နဲ့ချက်ပြထားတဲ့နည်းလေးမှတ်သွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

ငါးဟင်းဆိုသိပ်မကြိုက်လို့ ငါးရံ့အူဟင်းတခါမှမစားကြည့်ဖူးဘူး ညီမချက်ထားတာတော့စားချင်စရာလေးပဲ ချက်နည်းလေးလည်းလွယ်တယ်နော်..။ စာရေးဆရာတော့ သိပ်ကြိုက်မယ်ထင်တယ်..။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...