Tuesday, May 17, 2011

"ဆိတ်သားဟင်း"

ကျွန်မတို့အိမ်မှာ ဆိတ်သားကို ကျွန်မဖိုးဖိုး တစ်ယောက်ပဲစားတော့ ချက်လေ့ချက်ထ သိပ်မရှိဘူး။ အိမ်မှာ ဆိတ်သားချက်ရင်လည်း ကျွန်မဖွားဖွားက ဖိုးဖိုးစားဖို့ပဲ ချက်ပေးတယ်။ ဖွားဖွားအပါအ၀င် ကျွန်မ အဒေါ်တွေလည်း မစားကြဘူး။ ဒီတော့ ကျွန်မလည်း ငယ်ငယ်ကတည်းက တစ်ခါမှ မစားဖြစ်ဘူး။ ဒါကြောင့် ဆိတ်သား မစားဘူးပေါ့။ မကြိုက်တာ၊ ရှောင်တာမဟုတ်ပေမယ့် တစ်ခါမှ မစားဖူးတော့ မစားဖြစ်တော့ဘူး။ စာရေးဆရာကတော့ စားနေကျတော့ စားတယ်။ ကြိုက်လည်း ကြိုက်တယ်။ ဒါပေမဲ့ ကျွန်မ မစားတော့ မချက်ဖြစ်ဘူး။ သူလည်း မစားရဘူးပေါ့။ ဒီတစ်ပတ်တော့ သူက ဆိတ်သားလေး ချက်ပေးပါလားလို့ ပြောလာတယ်။ ဒီတော့ ကျွန်မလည်း ချက်ကျွေးဖြစ်တယ်။

ဆိတ်သားကို ရေစင်စင်ဆေးပြီး အနေတော်တုံးပါတယ်။ ပြီတော့ ဗနီကာ၊ အချိုမှုန့်၊ ငံပြာရည်၊ မဆလာများများ နဲ့ နယ်ပြီး နှပ်ထားလိုက်တယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်းထောင်းပါတယ်။ မီးဖိုပေါ် ဆီအိုးတင်၊ ဆီကျက်ရင် ဆနွင်းလေး နည်းနည်းထည့်ပြီး ထောင်းထားတာတွေနဲ့ ငရုတ်သီး အစိမ်းမှုန့်လေး ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ဆီသတ်လေး မွှေးလာရင် မဆလာလေးပါ ထည့်သတ်ပေးတယ်။ ပြီးတော့ နယ်နှပ်ထားတဲ့ ဆိတ်သားတွေ ထည့်၊ ငံပြာရည်လေး နည်းနည်း ထည့်ပြီး လုံးပေးပါတယ်။ ဆိတ်သားက ထွက်တဲ့အရည်ကုန်ပြီး ဆီပြန်တဲ့အထိ လုံးပြီး မွှေးလာမှ ရေဆူထည့်ပြီး တည်ပါတယ်။ အသားနူးပြီး ဆီပြန်တဲ့ အထိတည်ပေးပါတယ်။ အသားလည်းနူး၊ ဆီလည်းပြန်ပြီဆိုမှ မဆလာလေး ထပ်အုပ်ပြီး ဟင်းအိုးချပါတယ်။ ဒါဆို မဆလာနံ့မွှေးမွှေးလေးနဲ့ ဆိတ်သားဆီပြန်လေး ရပြီပေါ့။

ဟောဒါကဆီပြန်အောင်လုံးနေတဲ့ ဆိတ်သား


ဆိတ်သားဟင်းရပါပြီ။ 


နောက်ရက်တွေစားဖို့ ဗူးနဲ့ထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားပေးတယ်။

4 comments:

rose said...

ဆိတ်သားဟင်းလေး လာစားတယ် ပါရမီဖြည့်ဖက်လေးရေ...။ စားကောင်းမယ့်ပုံလေး။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆိတ်သားတော့ အနံ့ပျောက်အောင် မချက်တတ်ဘူးလို့ ကိုယ့်ကိုယ်ကို ထင်နေတာ
ဒါကြောင့် သူများချက်တာဘဲ စားတော့မယ်
နည်းနည်းကျွေးနော်

Iora said...

ဆိတ်သားမစားရတာကြာလှပြီ။ စားချင်တယ်။
အိုင်အိုရာ

Angelhlaing(May everybody be happy and healthy! said...

စားချင်စရာလေးနော်.. မမက ဟင်းချက်ကောင်းတာပဲနော်..
ညိမလေးနဲ့တော့ ကွာပ...:):)

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...