Sunday, May 8, 2011

"ငါးကြင်းခေါင်းမဆလာဟင်းနဲ့ မကျည်းရွက်ကြော်"

ငါးခေါင်းဟင်းစားချင်တာနဲ့ မနေ့ညက ချက်စားဖြစ်တယ်။ စားချင်လို့သာ ထချက်တာ အစီအစဉ် မရှိတော့ ငါးကြင်းခေါင်းကလည်း များများစားစား ၀ယ်ထားတာမရှိဘူး။ အရင်တစ်ပတ်က ချဉ်ပေါင်နဲ့ ချက်တုန်းက ကျန်တာလေးပဲ ရှိတယ်။ ခေါင်းကနှစ်ခေါင်း အမြီးကနှစ်ပိုင်း။ အမှန်က ငါးခေါင်းချည်းပဲ ချက်စားနေကျ။ ခုတော့ ခေါင်းကလည်း နှစ်ခေါင်းပဲကျန်တော့တယ်။ မထူးပါဘူး စားချင်နေတော့ ရှိတာနဲ့ ချက်မယ်ဆိုပြီး အမြီးနှစ်ပိုင်းပါ ထည့်ချက်လိုက်တယ်။

ငါးခေါင်းကို ရေစင်အောင်ဆေးပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် နယ်တယ်။ ပြီးတော့ ဆီပူပူမှာ ထည့်ကြော်တယ်။ ကြက်သွန်ဖြူ၊နီ ထောင်းတယ်။ မီးဖိုပေါ်ဆီအိုးတင်၊ ကြက်သွန်ဖြူနီနဲ့ ငရုတ်သီး အစိမ်းမှုန့် ထည့်ပြီး ဆီသတ်တယ်။ ဆီသတ်ကျက်ခါနီးတော့ မဆလာများများလေး ထည့်သတ်တယ်။ ကြော်ထားတဲ့ ငါးကြင်းခေါင်းတွေထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး လုံးပါတယ်။ ပြီးမှ ရေနွေးလေး နည်းနည်းထည့်ပါတယ်။ ဟင်းအိုးချခါနီးမှာ မကျည်းရည်လေး ထည့်ပြီး အရသာမြည်းပါတယ်။ အချဉ်အငံ အနေတော် ဆိုတော့ မဆလာလေး နည်းနည်းထပ်အုပ်ပြီး ဟင်းအိုးချလိုက်ပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက ဒီငါးကြင်းခေါင်းမဆလာဟင်းကို သိပ်ကြိုက်တာ။ ကျွန်မတို့ တစ်အိမ်သားလုံးလည်း သိပ်ကြိုက်ကြတယ်။ ငါးကြင်းခေါင်း ချက်တဲ့နေ့ဆို တစ်ယောက်ကို နှစ်ခေါင်းသုံးခေါင်း စားကြတာ။ အိမ်မှာတော့ ကျွန်မ အဒေါ် အကြီးဆုံးက ချက်ပေးနေကြ။ အခုတော့ ကိုယ့်ဘာသာ ချက်စားရတာပေါ့။

ဒီတော့ မနေ့ညက ငါးကြင်းခေါင်းမဆလာဟင်းနဲ့ မကျည်းရွက်ကြော်နဲ့ ညစာစားကြတယ်။ မကျည်းရွက်ကြော်ကတော့ ကျွန်မကြော်တာ မဟုတ်ပါဘူး။ ကျွန်မမေမေ ရန်ကုန်ကနေကြော်ပြီး လူကြုံနဲ့ ထည့်ပေးလိုက်တာ။  မေမေ့လက်ရာ မကျည်းရွက်ကြော်ကလည်း ကောင်းမှကောင်း။

5 comments:

rose said...

ရို့စ် အခုထိ ငါးခေါင်း မစားတတ်သေးဘူး။ ငယ်ငယ်ကဆို အမေက အရိုး သိပ်မပါတဲ့ ငါးပဲ ချက်ပေးတယ်။ အရိုးစူးမှာ ကြောက်လို့။ အခုလည်း ငါးပာင်းချက်ရင် ငါးခေါင်းကို လွှင့်ပစ်တယ်။ မစားတတ်လို့။ ငါးခေါင်းမှာ အသား မရှိဘဲ အရိုးတွေချည်းပဲ မပာုတ်ဘူးလားပာင်။ မန်ကျည်းရွက်ကြော်လေးက စားချင်စရာ။

ပါရမီဖြည့်ဖက်လေး said...

ငါးခေါင်းဆိုတော့လည်းအရိုးဟင်းပေါ့ရို့စ်ရယ်။ ခေါင်းထဲမှာကပ်နေတဲ့ အသားနည်းနည်းတော့ပါတာပေါ့။ တို့ကတော့ အဲဒီလို ငါးခေါင်းက အရိုးတွေကို ကိုက်ပြီးစားရတာကို သိပ်ကြိုက်တာ။ ငါးခေါင်းထဲမှာပါတဲ့ အဆီကိုလည်းကြိုက်တယ်။

Angelhlaing(May everybody be happy and healthy! said...

အားပါးပါးနော်...မမတို့ကတော့ ချက်တက်တဲ့ သူတွေဆိုတော့...
ဟင့်ဟင့်...စားချင်လိုက်တာနော်....:)

Sunny said...

မရောက်တာကြာလို့ အလည်လာရင်း ဟင်းတွေ မြည်းသွားတယ် ညီမရေ.. ငါးခေါင်းဟင်းကတော့ favorite ပဲ..

Iora said...

ဟိုက်ရှားလပါးစ်။ ကောင်းမှကောင်း။
အိုင်အိုရာ

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...