Tuesday, May 3, 2011

"ကင်းမွန်သုပ်၊ ၀က်သားကြော်၊ ချဉ်ပေါင်ကြော်"

ပြီးခဲ့တဲ့ တနင်္လာနေ့က ကင်းမွန်သုပ် သုပ်စားဖြစ်တယ်။ ပထမဆုံး ကင်းမွန်တွေကို အပြင်က အမဲရောင် အခွံတွေ ခွာပစ်တယ်။ မျက်လုံးတွေထုတ်ပစ်ပါတယ်။ ပြီးတော့ အပြားလိုက် ဖြစ်သွားအောင် ဓားနဲ့ခွဲပြီး ရေစင်စင် ဆေးထားပါတယ်။ အိုးတစ်လုံးမှာ ရေထည့်ပြီး တည်ပါတယ်။ ရေပွက်ပွက်ဆူလာရင် မီးပိတ်ပြီး ရေဆေးထားတဲ့ ကင်းမွန်တွေ ထည့်လိုက်ပါတယ်။ ခဏနေရင် ဆယ်ပြီး ဇကာနဲ့ စစ်ထားပါတယ်။ အကြာကြီး စိမ်ထားရင် မာသွားတတ်လို့ပါ။

ငါးပိစိမ်းစားနည်းနည်းကို မီးကင်ပါတယ်။ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစေ့နဲ့ ငရုတ်သီးစိမ်း အစပ်စားနိုင် သလောက်ကို ဒယ်အိုးထဲထည့်ပြီး မီးငွေ့ငွေ့နဲ့ လှော်ပေးပါတယ်။ ပြီးတော့ လှော်ထားတာတွေနဲ့ ငါးပိကိုရောပြီး ထောင်းပါတယ်။ ကြက်သွန်နီရေဆေး၊ ပါးပါးလှီးပြီး ဇကာနဲ့ စစ်ထားပါတယ်။ နံနံပင်ရေဆေး၊ ပါးပါးလှီးထားတယ်။ ကင်းမွန်တွေကို ကပ်ကြေးနဲ့ အနေတော်ညှပ်ပြီး ပန်းကန် တစ်လုံးမှာ ထည့်ပါတယ်။ ပြီးတော့ ထောင်းထားတဲ့ အစာတွေ ထည့်ပါတယ်။ ကြက်သွန်နီနဲ့ နံနံပင်ထည့်တယ်။ သံပုရာသီး ရွဲရွဲညှစ်ထည့်တယ်။ အချိုမှုန့်နဲ့ ဆားအနည်းငယ်ထည့်ပြီး ရောနယ် သုပ်စားပါတယ်။ ချဉ်ချဉ်စပ်စပ်လေးပေါ့။



နောက်ပြီး တစ်ပတ်စာ ညနေစာစားလို့ရအောင် ၀က်သားကြော်ပါတယ်။ ၀က်သားကို အသားချည်း သက်သက် ၀ယ်ပြီး ရေဆေး၊ အနေတော် လှီးဖြတ်ပါတယ်။ ပြီးတော့ လှီးထားတဲ့ ၀က်သားတွေကို ဆား၊ အချိုမှုန့်၊ ငံပြာရည်နဲ့ နာနာနယ်ပါတယ်။ ဒယ်အိုးထဲမှာ ဆီများများထည့်၊ ဆီပူလာရင် ၀က်သားတွေထည့် ကြော်ပါတယ်။ ၀က်သားကထွက်တဲ့ ရေနဲ့ပဲကြော်တာပါ။ ရေထပ်မထည့်ပါဘူး။ နီရဲပြီး ကျွတ်လာတဲ့အထိ ကြော်ပေးပါတယ်။ ၀က်သားကျွတ်ပြီဆိုမှ လိုချင်သလောက် ဆီအနေအထား အိုးထဲမှာ ချန်ပြီး ပိုနေတဲ့ ဆီတွေကို ပန်းကန်တစ်လဲုံးနဲ့ ဖယ်ထားလိုက်ပါတယ်။ မီးပိတ်ပြီး ဆီအနေတော်နဲ့ ၀က်သားတွေထဲကို ငရုတ်သီး အဖတ်ကြမ်းနဲ့ အစိမ်းမှုန့် အနည်းငယ် ထည့်မွှေ ပါတယ်။ 



စာရေးဆရာအကြိုက် ချဉ်ပေါင်ကြော်လည်းကြော်လိုက်သေးတယ်။ ဒီတစ်ပတ်တော့ မျှစ်မထည့်ဘဲ ချဉ်ပေါင် ချည်းပဲ ကြော်လိုက်တယ်။ ချဉ်ပေါင်ကြော်ကတော့ အရင်ပို့စ်တွေမှာ တင်ဖူးလို့ မရေးတော့ဘူးနော်။



2 comments:

မိုးယံ said...

ကင်းမွန် သုပ်နည်း မှတ်သွားသည်။ မေ့လျှင် ပြန်လာဖတ်မည်။ သုတ်စားရန် ချင့်ချိန်နေသည်။ အခုလို သိရတာ ကျေးဇူးတင်ပါသည်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် ကင်းမွန်သုပ်လေး စားချင်လိုက်တာ
ဒီမှာတော့ ကင်းမွန်ရှားတော့ သိပ်မစားရဘူး
ပါရမီဖြည့်ဖက်လေးဆီက ၀အောင်စားသွားမယ်နော်း)

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...