Friday, April 29, 2011

"တစ်ပတ်စာဟင်းလျာများနဲ့ ခင်ပွန်းရဲ့အဆာပြေ"

အလုပ်မအားလို့ နေ့တိုင်းဟင်းမချက်နိုင်တဲ့ကျွန်မ မချက်ဘဲလည်းမနေနိုင်တော့ တနင်္ဂနွေတစ်ရက်မှာ စားချင်တာလေးတွေ ချက်ပါတယ်။ မနက်စာကို ဆိုင်မှာဝယ်စားနေရတဲ့ ကျွန်မတို့နှစ်ယောက်၊ ညနေစာလေး တော့ အိမ်ထမင်း၊ အိမ်ဟင်းလေး စားချင်တယ်လေ။ ဒါကြောင့် တနင်္ဂနွေမှာ ချက်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်တယ်။ စားခါနီးတော့ နွှေးစားကြတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေက ချက်ဖြစ်တာလေးတွေ ပြောပြမယ်နော်။ ၀က်သားကို အဖြူထည်လေး ပြုတ်ကြော် လုပ်တယ်။ အိုးထဲကို ဆီနည်းနည်းထည့်တယ်။ ဆီပူလာတော့ သကြားလေးနည်းနည်းထည့်ပြီး လှော်လိုက်တယ်။ ပြီးမှ ဆား၊ အချိုမှုန့်နဲ့ နယ်ထားတဲ့ ၀က်သားတုံးလေးတွေ ထည့်ကြော်တယ်။ ၀က်သားလေး နီလာမှ ရေဆူထည့်ပြီး ၀က်သားနူးတဲ့ အထိတည်လိုက်တယ်။ လွယ်မှလွယ်ပါပဲ။ နောက်ရက်တွေ ကျတော့ ထမင်းနဲ့ အဖြူထည်လေး စားချင်လည်းဖြစ်တယ်။ သုပ်စားချင်လည်း ဖြစ်တယ်လေ။ တစ်ရက်တော့ သုပ်စားဖြစ်တယ်။ ကြက်သွန်နီနဲ့ ဂေါ်ဖီပါးပါးလှီးထားတာရယ်၊ ၀က်သား ပြုတ်ကြော်လေးကို ခပ်ပါးပါးလှီးထားတာရယ်၊ မကျည်းရည်၊ ငံပြာရည်၊ ဆီချက်၊ အချိုမှုန့်၊ ပဲမှုန့် ငရုတ်သီးစိမ်းတို့နဲ့ ရောနယ်ပြီး သုပ်စားတယ်။ အအီပြေတာပေါ့။


နောက်တစ်မျိုးကတော့ ၀က်သားတုတ်ထိုးပါ။ ၀က်သားတုတ်ထိုးလုပ်နည်းကတော့ ဒီမှာ တင်ဖူးပါတယ်။ စားခါနီးတော့ နည်းနည်းပြန်နွေးစားတယ်။ ကြာဇံကို စားခါနီးကြော်စားတယ်။ အချဉ်ရည်လေးလည်း ဖျော်ရတာပေါ့။ နောက်ရက်ကျတော့ ကြာဇံမကြော်တော့ဘဲ ထမင်းနဲ့စားကြတယ်။


ချဉ်ပေါင်လေးလည်း ကြော်ထားရသေးတယ်။ စာရေးဆရာ အကြိုက်လေ။ ချဉ်ပေါင်ရွက်တွေကို ချွေ၊ ရေဆေးပြီး ဇကာနဲ့ စစ်ထားတယ်။ မီးဖိုပေါ် ဆီအိုးတင်ပြီး ဆီပူလာတော့ ကြက်သွန်ဖြူ၊ နီထောင်းထားတာနဲ့ ငရုတ်သီး အစိမ်းမှုန့်လေးထည့် ဆီသတ်တယ်။ ကြက်သွန်မွှေးရင် ပုဇွန်ခြောက်မှုန့် ထည့်တယ်။ ငါးပိစိမ်းစား နည်းနည်းကို ရေနွေးနဲ့ဖျော်ထားတာ ထည့်တယ်။ ခဏနေမှ ချဉ်ပေါင်ရွက်တွေ ထည့်မွှေတယ်။ အချိုမှုန့်၊ ငံပြာရည်ကို အပေါ့အငံ အနေတော်ဖြစ်အောင် ထည့်ပါတယ်။ ပြီးတော့ ရေခန်းပြီး ခြောက်သွားအောင် မွှေပြီးကြော်ပေးပါတယ်။ ဒါဆို ချဉ်ပေါင်ကြော်လေး ရပါပြီ။


တစ်ပတ်စာ ချက်ပြုတ်ရင်း ဘူးသီးတွေရှိနေတာနဲ့ ယိုးဒယားမယ် အကြော်မှုန့်လေးဖျော်ပြီး ဘူးသီးကြော် ကြော်စားတယ်။ အချဉ်လေးလည်း ကမန်းကတန်းဖျော်တယ်။ ကော်ဖီလေး တစ်ယောက် တစ်ခွက်နဲ့ နေ့လယ် အဆာပြေလွေးကြတယ်။ စားရင်းသောက်ရင်းမှ ဓါတ်ပုံထရိုက်တော့ အချဉ်ပန်းကန်ခမျာ မလှမပ။


အင်္ဂါနေ့ကတော့ စာရေးဆရာက ရုံးကနေ့တစ်ဝက်ပြန်တယ်။ သူလုပ်နေတဲ့ Project က Area တစ်ခုပြီးလို့ ၀န်ထမ်းတွေကို ပျော်ပွဲရွှင်ပွဲ လုပ်ပေးတာပါ။ သူကတော့ ခဏပဲနေပြီး အနားယူရအောင် အိမ်ပြန်တယ်။ အိမ်ရောက်တော့ သူတစ်ယောက်တည်း နေ့လယ်အဆာပြေ လက်ဖက်ထမင်း လုပ်စားတယ်တဲ့။ ကျွန်မက အိမ်မှာမရှိတော့ သူ့လက်ရာကို ကျွန်မကို ကြွားချင်တာနဲ့ ဓါတ်ပုံ ရိုက်ထားတယ်တဲ့လေ။ ကျွန်မပြန်လာတော့ ဓါတ်ပုံပြပြီး သူသုပ်ထားတာ ဘယ်လောက် စားချင်စဖွယ် ရှိကြောင်း ပြောပါတော့တယ်။ 

 

သူသောက်တဲ့ ရေနွေးကြမ်း ပန်းကန်လေးတောင် အဆစ်ရိုက်ထားသေးတယ်။

3 comments:

rose said...

ဗူးသီးကြော်လေး စားချင်လိုက်တာ ပါရမီဖြည့်ဖက်လေးရေ...။ ဒီမှာ ဗူးသီး မရတော့ မစားရတာ တော်တော် ကြာပြီ။ ပာုတ်ပနော်။ ပါရမီဖြည့်ဖက်လေးရဲ့ အမျိုးသား သုပ်ထားတဲ့ လက်ဖက် ထမင်းလေးက စားချင်စရာ။

Angelhlaing(May everybody be happy and healthy! said...

စားချင်လိုက်တာနော်...ဂလု..ဂလု...:P
မမ ဒီနေ့တင်သမျှ ကြိုက်တယ်..သိလား:)
စားလဲစားရဘူးးးးအဟီးးး။
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝက်သားတုတ်ထိုးက ၀က်အူတွေချည်းဘဲ ကြိုက်လိုက်တာ
ခုချက်ခြင်း စားချင်စိတ်ပေါက်မိတယ်

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...