Thursday, April 21, 2011

"ချဉ်ပေါင်ရွက်ချဉ်ရည်ဟင်းနဲ့ ကြက်သားကြော်"

အလုပ်မအားလို့ အချိန်မရတဲ့ ကျွန်မမှာ ဟင်းချက်ဖို့လည်း အချိန်မပေးနိုင်ဖြစ်နေတာ တော်တော်ကြာပါပြီ။ လွန်ခဲ့တဲ့ တစ်ပတ်က ညစာစားဖို့ ကမန်းကတန်းချက်ဖြစ်တဲ့ ဟင်းလေးပါ။ ထူးထူးဆန်းဆန်းဟင်း မဟုတ်ပေမယ့် စားလို့ကောင်းပါတယ်။ ကျွန်မက ချဉ်ပေါင်ရွက်တွေကိုချွေ၊ ရေဆေးပြီး မီးငွေ့ငွေ့လေးနဲ့ နွမ်းအောင် မွှေထားလိုက်တယ်။ ပြီးတော့ ဘူးနဲ့ ထည့်ပြီး ရေခဲသေတ္တာထဲမှာ ခဲထားတယ်။ City Hall က ၀ယ်ထားတဲ့ ငါးကြင်းခေါင်းတစ်ထုပ်လည်း ရှိနေတယ်။ ဒီတော့ ထမင်းစားခါနီး အရည်သောက်လေး ကမန်းကတန်း ချက်လို့ရတာပေါ့။

ငါးကြင်းခေါင်းကိုရေဆေးပြီး ဆား၊ ဆနွင်းနယ်ထားတယ်။ ကြက်သွန်ဖြူ၊ နီနည်းနည်းစီကို ခပ်မြန်မြန်လေး ထောင်းလိုက်တယ်။ အိုးထဲမှာ ဆီနည်းနည်းထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူနီ ထောင်းထားတာနဲ့ ငရုပ်သီး အစိမ်းမှုန့်လေးထည့်ပြီး ဆီသတ်တယ်။ ကြက်သွန်မွှေးလာတော့ မွှေထားတဲ့ ချဉ်ပေါင်ရွက်လေးတွေ ထည့်တယ်။ ငါးပိစိမ်းစားလေး နည်းနည်းကို ရေဖျော် ထည့်ပြီး လုံးတယ်။ ငါးခေါင်းတွေပါ ထည့်လုံးတယ်။ ဆီပြန်လာမှ ရေနွေးပူပူ လောင်းထည့်တည်ပါတယ်။ ဟင်းရည်ဆူလာရင် ငံပြာရည်၊ အချိုမှုန့်လိုသလို ထည့်ပြီး ဟင်းရည်အရသာ အနေတော်ဖြစ်တဲ့အထိ ဟင်းရည်ကျအောင် တည်ပေးပါတယ်။ အချိန် သိပ်မကြာဘဲ ကမန်းကတန်းနဲ့ အရည်သောက်လေး တစ်ခွက်ဖြစ်သွားပါတယ်။ ချဉ်ရည်တည်နေတုန်း တစ်ဖက်မှာလည်း ကြက်သားကိုရေဆေး၊ တုံးပြီး၊ ဆား၊ အချိုမှုန့်နယ်ပြီး ဆီများများနဲ့ ကျွတ်အောင် ကြော်လိုက်ပါသေးတယ်။




4 comments:

Angelhlaing(May everybody be happy and healthy! said...

စားချင်လယ်နော်.....နည်းနည်းလောက်ကျွေးပါလား မမ:):):)
အဟီးးးး ကောင်းသောနေ့လေးဖြစ်ပါစေမမရေ။

ပွင့်မြုးဇင် said...

ညီမချို အလုပ်ဆင်းနေရလို့ မအားတော့တာလား.. ဟင်းတွေကတော့ ထုံးစံအတိုင်း စားချင်စရာတွေချည်းပါလား..း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ငရုပ်သီးထောင်းလေးပါ ပါရင် ပိုကောင်းမယ်...
ကြည့်ရင်းဗိုက်ဆာလာတယ် ချဉ်ပေါင်က ထမင်မြိန်ဆေးပါဘဲ။ လက်ရာကောင်းတော့ ပိုလို့ ကောင်း

တီချမ်း said...

တီလဲ တနေ့က ကြက်ကြော် အမေဝယ်လာလို့မြန်မာပြည်က မြန်မာကြက်လေးစားလိုက်ရတယ် ကောင်မှကောင်း ဆီဆမ်းလေးနဲ့

ချဉ်ပေါင်ကတော့ လွမ်းတယ်တကယ်ပဲဒီမှာ သိပ်မတွေ့ဘူး
တခါတလေ မှစားရတယ်

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...