Saturday, March 5, 2011

"ကြက်ဥချဉ်ရည်ဟင်း"

ဒီနေ့တော့ ကြက်ဥကို ဆီပြန်ချက်စားရတာအီလို့ ကြက်ဥချဉ်ရည်လေး ချက်စားဖြစ်ပါတယ်။ ချဉ်ရည်လေး ဆိုတော့ ထမင်းမြိန်တယ်လေ။ ဒီမှာ ဘဲဥမရတော့ ကြက်ဥနဲ့ပဲ ချက်စားရတာပေါ့။

ပထမဆုံး အိုးတစ်လုံးမှာ ကြက်ဥတွေထည့်၊ ကြက်ဥတွေ မြုပ်တဲ့အထိ ရေထည့်ပြီး အဖုံးဖွင့်လျက် နာရီဝက်လောက် ပြုတ်လိုက်ပါတယ်။ ကြက်ဥပြုတ်ထားတုန်း ကြက်သွန်ဖြူ၊ နီ ထောင်းပါတယ်။ ခရမ်းချဉ်သီး တစ်လုံးကို မထူမပါးလှီးထားပါတယ်။ အာလူးကို အခွံခွာ၊ အနေတော်တုံးပြီး ဆားရည် စိမ်ထားပါတယ်။ ရုံးပတီသီးကို ရေဆေးပြီး လက်တစ်ဆစ်သာသာ အနေလေးတွေ လှီးထားပါတယ်။ မကျီးသီးကို ရေဆေးပြီး ပန်းကန်တစ်လုံးမှာ ရေနွေးဆူဆူဖျောထားပါတယ်။ ကြက်ဥပြုတ်ရရင် ရေအေးစိမ်လိုက်ပါတယ်။ အေးသွားမှ အခွံခွာပြီး အပ်ချည်ကြိုးနဲ့ အရာလေးတွေ လိုက်ပေးထားပါတယ်။ ချက်တဲ့အခါ ဟင်းနှစ်အရသာ ကြက်ဥထဲ ၀င်အောင်လို့ပါ။

မီးဖိုပေါ် အိုးတစ်လုံးတင်ပြီး ဆီထည့်ပါတယ်။ ဆီပူရင် ဆနွင်းမှုန့် အနည်းငယ် ထည့်လိုက်ပါတယ်။ ကြက်သွန်ဖြူ၊ နီ ထောင်းထားတာနဲ့ ငရုတ်သီးအစိမ်းမှုန့် (အရောင်တင်မှုန့်) ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ရင် ခရမ်းချဉ်သီးတွေထည့်ပြီး လုံးပါတယ်။ ဆီပြန်ရင် ဆားရည်စိမ်ထားတဲ့ အာလူးတွေ ထည့်ပါတယ်။ အချိုမှုန့်၊ ငံပြာရည် နဲ့ မဆလာ ထည့်လုံးပါတယ်။ အနံ့မွှေးလာရင် ရေနွေးဆူဆူ အနည်းငယ်ထည့်ပြီး တည်ပါတယ်။ ရေခန်းခါနီး အားလူလည်း နူးခါနီးပြီဆို ကြက်ဥတွေထည့်ပါတယ်။ ခဏလုံးပြီးရင် ရေဆူဆူကို ကိုယ်လိုချင်သလောက် ဟင်းရည်အနေအထား ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါတယ်။ ဟင်းရည်ဆူပြီး အာလူးနူးရင် ရုံးပတီသီးထည့်ပါတယ်။ ဟင်းရည် ပြန်ဆူလာရင် မကျီးရည် ထည့်ပါတယ်။ ဟင်းရည်ကျအောင် တည်ပေးပါတယ်။ အရသာမြည်းပြီး လိုသလို ပြင်ပါတယ်။ ဒါဆို ကြက်ဥချဉ်ရည်ဟင်း တစ်ခွက် ရပါပြီနော်။ ကျွန်မကတော့ ခပ်ချဉ်ချဉ်လေး ချက်ပါတယ်။ 





7 comments:

Sunny said...

ကြက်ဥချဉ်ရည်ဟင်းလေးက စားချင်စရာလေး.. စားသွားပြီနော်..

Iora said...

စားချင်စရာလေးကွာ။
သူတွေ့ ရင်ချက်ခိုင်းတော့မှာသေချာတယ်။ ဒီဟင်းက သူ့ ရဲ့  favorite dish ။ ကိုယ်ကဒီနေ့ ဟင်းမချက်ချင်ဘူး၊ ပျင်းနေတယ်။
Iora

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြက်ဥချဉ်ရည်ဟင်းလေးနဲ့ ငရုပ်သီးထောင်းလေး စားလိုက်ရရင် သိပ်ကောင်းဘဲ
ဗိုက်ဆာလာပြီ
အိမ်က အိုး သွားလှန်ဦးမှး)

အဖြူရောင်နတ်သမီး said...

ရှလွတ်...ရှလွတ်...
ပလပ်...ပလပ်...
စားလို့လည်း ကုန်ပြီ...
ပြန်တော့မယ်..ဟိ
“ကောင်းမှကောင်းးးးးးး”

rose of sharon said...

တစ်ခါမှ အဲလိုလေးချက်မစားဖူးဘူး... ချက်စားကြည့်ဦးမယ်...

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်ကိုစားချင်စရာလေးတွေပါလား မမရေ။
စားချင်လာပြိ....
ကောင်းသောနေ့လေးဖြစ်ပါစေ။

koko said...

I will try..thz Yatharcho......

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...