Friday, March 4, 2011

"ကင်းမွန်ဟင်း"

မနေ့ကချက်စားဖြစ်တဲ့ ကင်းမွန်ဟင်းလေးအကြောင်း ပြောပြချင်ပါတယ်။ စာရေးဆရာက ကင်းမွန် သိပ်ကြိုက် ပါတယ်။ သုပ်တာကို ပိုပြီး ကြိုက်ပါတယ်။ ဒါကြောင့် သုပ်စားဖြစ်တာ များပါတယ်။ ရန်ကုန်မှာတုန်းကတော့ ကျွန်မမေမေက ကင်းမွန်ကို ဟင်းချက်ပေးပါတယ်။ အခုလည်း သုပ်စားဖြစ်တာပဲ များနေလို့ ဒီတစ်ခါတော့ ကင်းမွန်ကို ဟင်းချက်စားဖြစ်ပါတယ်။

ကင်းမွန်ကို အရေခွံအမဲတွေခွာ၊ ဗိုက်ထဲက အညစ်အကြေးတွေထုတ်၊ ခေါင်းထဲက မျက်စိတွေဘာတွေ လှီးထုတ်ပစ်ပါတယ်။ မျက်စိထုတ်တဲ့အခါ သတိထားရပါတယ်။ မျက်စိက မဲမဲအရည်တွေ စင်တတ် လို့ပါ။ ပြီးရင် ရေစင်စင်ဆေးပြီး ဇလုံတစ်လုံးမှာ ထည့်ထားပါတယ်။ ရေနွေးတည်ပါတယ်။ ရေနွေးဆူရင် ကင်မွန်ထည့်ထားတဲ့ ဇလုံထဲကို ရေဆူဆူတွေ လောင်းထည့်လိုက်ပါတယ်။ ထည့်ပြီးပြီးချင်းပဲ ကင်းမွန်တွေကို ဆယ်ပြီး ဇကာနဲ့ ရေစစ်ထားပါတယ်။ အဲဒီလို ရေဆူဆူနဲ့ လောင်းလိုက်တော့ အညှီနံ့တွေ၊ အချွဲတွေ စင်သွားပါတယ်။ ရေပူထဲမှာတော့ ကြာကြာမထားပါဘူး။ ကြာရင် ကင်းမွန် အသားက မာသွားပြီး စားလို့ မကောင်းတော့လို့ပါ။ ကင်းမွန်တွေ အေးသွားရင် ကတ်ကြေးနဲ့ အနေတော်လေးတွေ ကိုက်ဖြတ်ပါတယ်။ ပြီးတော့ ဆား၊ အချိုမှုန့်တို့နဲ့ နယ်ထားပါတယ်။

ကြက်သွန်ဖြူ၊ နီ၊ ဂျင်းထောင်းပြီး ငရုတ်သီးအစိမ်းမှုန့်ထည့်၊ ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ရင် နယ်နှပ်ထားတဲ့ ကင်းမွန်လေးတွေ ထည့်ပါတယ်။ ငံပြာရည် အနည်းငယ်ထည့်လုံးပါတယ်။ ကင်းမွန်က ထွက်တဲ့ ရေလေးနဲ့ပဲ လုံးပေးပါတယ်။ ရေခန်းရင်တော့ ကင်းမွန်အနေအထားကြည့်ပြီး ရေကို ထည့်တယ်ဆိုရုံ အနည်းငယ်လေး ထည့်ပါတယ်။ သိပ်ပြီး ကြာကြာမတည်ရပါဘူး။ မီးပူမှာ ကြာရင် ကင်းမွန်အသားတွေ မာသွားမှာ စိုးလို့ပါ။ အရသာ မြည်းပြီး အနေတော်ဆို ကင်းမွန်ဟင်းတစ်ခွက် ရပါပြီနော်။ ကျွန်မကတော့ ကင်းမွန်ဟင်းနဲ့ ပဲနီလေးဟင်းချိုလေး တွဲဖက်စားပါတယ်။ စားရတာ လိုက်ဖက်လို့ပါ။

ကဲ - ကင်းမွန်ဟင်းလေး အားပေးသွားကြပါဦး



6 comments:

ငွေစန္ဒာ said...

ညီမရေကင်းမွန်ဟင်းလေးလာစားသွားတယ်နာ်၊
အမအလုပ်နဲနဲရှုပ်နေလို့ အားရင်
ပုဇွန်ချဉ်သေချာပြန်လုပ်ပြမယ်။
ပစ်လိုက်ရတ်ဆိုလို့စိတ်မကောင်းဘူးကွယ်။

rose said...

ပြည်ကြီးငါးပာင်း လာစားတယ် ပါရမီဖြည့်ဖက်လေးရေ...။ ပာင်းအရံ အနေနဲ့ မြင်းခွာရွက် သုပ်လေး စားချင်တယ်း)

မိုးယံ said...

အဲဒါမျိုး တစ်ရက်ချက်စားဦးမှာ.. ဟိုတစ်ခါ ချက်တုန်း မှင်အိုးပေါက် မဲနောက်နောက်မို့.. အမဲသားဟင်းသဏ္ဌန် မဟန် မဟန်။

မြူးမြူး said...

ဟင်းလာမြည်းပါတယ် ညီမ ချိုရေ.. Career fair က ဒီနေ့မသွားဖြစ်ဘူး.. မနက်ဖြန်မှသွားမယ်.. ၁၁နာရီကနေ ၃နာရီခွဲအထိ SembCorp Marine Booth မှာရှိမယ်နော်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ကင်းမွန်ကို ဘယ်လိုလုပ်လုပ်ကြိုက်တယ်
သုပ်စားလဲကြိုက် ကြော်လဲကြိုက်တယ်
အင်း အစားပုတ်တယ် မပြောနဲ့နော်
မကြိုက်တာလည်း ခပ်ရှားရှားရယ်း)

နေမင်း said...

ကောင်းတယ်ဗျာ သရည်တောင်ကိလာတယ်

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...