Thursday, February 28, 2013

"ချဉ်ပေါင်ဇရစ်ရိုးကြော်"

2 comments
ဈေးထဲမှာ ဇရစ်ရိုးတွေ တွေ့တာနဲ့ ချဉ်ပေါင်နဲ့ ရောကြော်ဖို့ ၀ယ်ခဲ့တယ်။ ဇရစ်ရိုးကို တစ်လက်မ အရွယ်လောက် လက်ကလေးနဲ့ စိတ်ချွေပြီး ဆားရည်နဲ့ ခဏစိမ်ပါတယ်။ ပြီးတော့ ရေဆေးပြီး ဆန်ကာနဲ့စစ်ထားပါတယ်။ ချဉ်ပေါင်ကိုလည်း ချွေပြီး ဆားရည် ခဏစိမ်ပြီး ရေဆေးထားပါတယ်။ ငရုတ်သီး ကြက်သွန်ဖြူနီ ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ပြီး မွှေးလာရင် ပုဇွန်ခြောက်မှုန့်ထည့်၊ ငါးပိစိမ်းစား ရေဖျော်ထည့်ပါတယ်။ ငရုတ်သီး လုံးကွဲလေးထည့်ပြီး ဇရစ်ရိုးထည့်ကြော်ပါတယ်။ ငံပြာရည်၊ အချိုမှုန့်ထည့်ပြီး ကြော်ပါတယ်။ ဇရစ်ထည့်ပြီး ခဏနေရင် ချဉ်ပေါင်ထည့်ကြော်ပါတယ်။ ဆီပြန်ပြီး ချဉ်ပေါင်ကို အိနေအောင် မွှေပြီးကြော်ပေးပါတယ်။ အရသာမြည်းပြီး အနေတော်ဆို ချဉ်ပေါင်နဲ့ ဇရစ်ရိုးကြော်လေးရပါပြီနော်။

ပါရမီဖြည့်ဖက်လေး
၂၅.၂.၂၀၁၃

Tuesday, February 26, 2013

"ငါးရံ့အူ အချဉ်ဆီပြန်"

2 comments
ကျွန်မ ဘလော့လေးလည်း ပို့စ်အသစ်မတင်ဖြစ်တာ တော်တော်ကြာပါပြီ။ အလုပ်များနေတာရယ်၊ ဟင်းတွေကလည်း ပို့စ်တင်ပြီးသားဟင်းတွေပဲ ချက်စားဖြစ်တာကြောင့်ပါ။

ဒီနေ့တော့ ဈေးထဲမှာ ငါးရံ့အူရတာနဲ့ ချက်စားဖြစ်တာကြောင့် ငါးရံ့အူဟင်းအကြောင်းလေး တင်ဖြစ်သွား တာပါ။

ငါးရံ့အူကို အူခွဲပြီး အစာဟောင်းတွေ ခြစ်ထုတ်ပါတယ်။ သည်းခြေကိုလည်း ထုတ်ပစ် ရပါတယ်။ တော်တော်ကြာကြာကို စိတ်ရှည်လက်ရှည် လုပ်ပေးရပါတယ်။ ပြီးမှ ရေစင်အောင်ဆေးကြောပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် အနည်းငယ် (အသားနယ်တဲ့နေရာမှာ ကြက်သားမှုန့်သုံးရတာ မကြိုက်လို့ အချိုမှုန့် သုံးပါတယ်) နဲ့ နယ်ထားပါတယ်။

ကြက်သွန်ဖြူ၊နီ၊ ချင်း ငရုတ်တစ်စုံ ထောင်းထားပါတယ်။ မန်ကျည်းသီး အနည်းငယ် ကို ရေဆေးပြီး ရေနွေးလေးနဲ့ စိမ်ထားပါတယ်။ ဒယ်အိုးထဲကို ဆီထည့်ပြီး ဆီပူလာရင် ဆနွင်းလေး နည်းနည်း ထည့်ပါတယ်။ တစ်ဆက်တည်း ငရုတ်သီး ကြက်သွန်ဖြူနီ၊ချင်း ထောင်းထားတာ ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်လေးတွေ ရွှေရောင်သန်းပြီး ကျွတ်လာရင် မဆလာလေးထည့်ပြီး ငါးရံ့အူတွေ ထည့်ပါတယ်။ ငံပြာရည်နဲ့ ကြက်သားမှုန့် (ဒီနေရာမှာ အချိုမှုန့်အစား ကြက်သားမှုန့် သုံးပါတယ်) ထည့်လုံးပါတယ်။ ငါးအူကထွက်တဲ့ ရေကုန်လို့ ဆီပြန်ပြီး မွှေးလာမှ နူးအောင် ရေနွေးထည့် တည်ပါတယ်။  ရေခမ်းခါနီးရင် ရေနွေးစိမ်ထားတဲ့ မန်ကျည်းရည် ထည့်တည်ပါတယ်။ ရေခမ်းပြီး ဆီပြန်ရင် မဆလာအနည်းငယ် ထပ်ထည့်အုပ်ပြီး မီးဖိုမီးပိတ်ပါတယ်။ ဒါဆို မဆလာနံ့ သင်းသင်းလေးနဲ့ အချဉ်ဆီပြန် ငါးရံ့အူဟင်းလေးရပါပြီ။





 ပါရမီဖြည့်ဖက်လေး
၂၅.၂.၂၀၁၃
Related Posts Plugin for WordPress, Blogger...