Sunday, February 26, 2012

" ဘဲပေါင်းဆီချက် "

2 comments
ကျွန်မလည်း ပို့စ်အသစ်တွေမတင်နိုင်တာ ကြာပေါ့။ အလုပ်မအားတာလည်း ပါတယ်။ ပြီးတော့ ချက်စားဖြစ်တဲ့ ဟင်းတွေကလည်း ပို့စ်တင်ပြီးသားတွေ ဖြစ်နေတာများတော့ ပို့စ်အသစ် မတက်နိုင်ဘူးဖြစ်နေတာ။ ဒီနေ့တော့ ဘဲပေါင်းဆီချက်လေး လုပ်စားဖြစ်တာနဲ့ မိတ်ဆွေတွေကို မျှဝေလိုက်တာပါ။ 

ဘဲသားကို အနေတော်တုံး ရေစင်စင်ဆေးပြီး ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်ရည်၊ ရှာလကာရည်၊ ဂျင်းဒါပြားရိုက်၊ ကြက်သွန်ဖြူ ဒါးပြားရိုက် တို့နဲ့ ရောနယ်ပြီး နှပ်ထားပါတယ်။ အိုးတစ်လုံးမှာ နှပ်ထားတာတွေထည့်ပြီး ရေကို ဘဲသားတွေ မြုပ်တဲ့ အထိထည့်ပြီး မီးငွေ့ငွေ့နဲ့ ကြာကြာလေး တည်ပေးပါတယ်။ ရေခန်းရင် ဆူပြီးသားရေနွေးကို နည်နည်းချင်း ဖြည့်ထည့်ပြီး အသားများ နူးအိသွားသည်အထိ တည်ပေးပါတယ်။ နောက်ထပ် အိုးတစ်လုံးမှာ ရေနွေး တည်ပြီး ရေဆူရင် ခေါက်ဆွဲခြောက်တွေ ထည့်ပြုတ်ပါတယ်။ ခေါက်ဆွဲရရင် ဇကာနဲ့စစ်ပြီး ရေအေးဆေး ချပြီး ရေစစ်ထားပါတယ်။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါတယ်။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီချက် ချက်ထားပါတယ်။

အားလုံးအဆင်သင့်ဖြစ်ရင် ပန်းကန်ထဲမှာ ခေါက်ဆွဲထည့်၊ ဆား၊ အချိုမှုန့် အနည်းငယ်၊ ပဲငံပြာရည် အကြည်ရည် အနည်းငယ်နဲ့ ဆီချက်ထည့်ပြီး သမအောင် မွှေပါတယ်။ နှံ့အောင်မွှေပြီးရင် ဘဲပေါင်းလေးထည့်၊ ကြက်သွန်မြိတ်လေး အုပ်လိုက်ရင် စားရန်အဆင့်သင့် ဘဲပေါင်းဆီချက် ရပါပြီ။ ကြက်သွန်ချဉ်လေးနဲ့ တွဲစားရင် အအီပြေပါတယ်။ 




Related Posts Plugin for WordPress, Blogger...