လွန်ခဲ့တဲ့ တစ်ပတ်က SHENG SIONG မှာ ဈေးဝယ်ရင်း ငါးသလောက်တွေ့တာနဲ့ တစ်ကောင်ဝယ်လာခဲ့တယ်။ ကျွန်မက ငါးသလောက်ဆို အရိုးနူးအောင် ပေါင်းစားတာထက်၊ ရိုးရိုးဆီပြန်လေးကို မကျည်းရည်လေးနဲ့ ချက်တာကို ကြိုက်တယ်။ စာရေးဆရာက ငါးစားရမှာကြောက်သူဆိုတော့ ပေါင်းတာလေးမှ စားချင်တယ်။ အရိုးပြဿနာပေါ့။ ဒီတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ကြားချလိုက်တယ်။ ပေါင်းမယ် ဒါပေမယ့် ခရမ်းချဉ်သီး မကျည်းရည်နဲ့ ချက်ပြီး ပေါင်းမယ်ပေါ့။
ငါးသလောက်ကို အရွယ်တော် တုံးပြီး ဆား၊ ဆနွင်း၊ အချိုမှုန့်၊ ငံပြာရည်၊ ဗနီကာ စတာတွေနဲ့ ရောနယ်ပြီး နှပ်ထားတယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း စတာတွေထောင်းတယ်။ ခရမ်းချဉ်သီး ကို ရေဆေးပြီး ခပ်ပါးပါးလှီးထားတယ်။ မကျည်းသီးကို ရေနွေးဖျောပြီး မကျည်းရည် လုပ်ထားတယ်။ စောစောက နှပ်ထားတဲ့ ငါးကို အိုးမှာထည့်၊ ရေမြုပ်အောင် ထည့်ပြီး တည်ပါတယ်။ ရေခန်းရင် ရေနွေးကို လိုအပ်သလို ထပ်ထပ် ဖြည့်ထည့်ပြီး အရိုးနူးလောက်တဲ့ အထိ တည်ပါတယ်။ ကြာကြာတော့ တည်ရပါတယ်။ ဒယ်အိုးထဲမှာ ဆီထည့်၊ ဆီပူရင် ကြက်သွန်ထောင်းထားတာနဲ့ ငရုတ်သီး အစိမ်းမှုန့်ထည့် ဆီသတ်တယ်။ ကြက်သွန်ကျက်ရင် ခရမ်းချဉ်သီး ထည့်သတ်တယ်။ ခရမ်းချဉ်သီးလေးတွေ အခွံလိပ်သွားရင် ငါးပြုတ်ထားတဲ့ အိုးထဲကို လောင်းထည့်ရောပါတယ်။ ပြီးတော့ ငံပြာရည်၊ အချိုမှုန့် ထည့်၊ ရေနွေးထည့်ပြီး ဆက်တည်တယ်။ ငါးအရိုးရောနူးလောက်ရင် မကျည်းရည်ထည့်ပြီး ခဏနေလို့ ဆီပြန်ရင် ရပါပြီ။
အအီပြေ သရက်သီးလေး သုပ်စားတယ်။ သရက်သီးကို အခွံခွာ၊ ရေဆေးပြီး ဂျစ်နဲ့ ခြစ်တယ်။ ပြီးတော့ ကြက်သွန်နီပါးပါးလှီးပြီး ရေဆေးထားပါတယ်။ သရက်သီးထဲကို ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်နီဆီချက် (ကျွန်မက ဆီချက်တွေ ချက်ထားလေ့ ရှိတာမို့ နှစ်မျိုးလုံးရှိလို့ နှစ်မျိုးစလုံး ထည့်ပါတယ်)၊ ကြက်သွန်နီပါးပါလှီး၊ ပုဇွန်ခြောက်မှုန့်၊ ငံပြာရည်၊ အချိုမှုန့်၊ ပဲမှုန့်၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးမှုန့် စတာတွေ ထည့်ပြီး ရောနယ်သုပ်ပါတယ်။ ဒါဆို အအီပြေ သရက်သီးသုပ် ရပါပြီ။