Saturday, March 5, 2011

"ကြက်ဥချဉ်ရည်ဟင်း"

7 comments
ဒီနေ့တော့ ကြက်ဥကို ဆီပြန်ချက်စားရတာအီလို့ ကြက်ဥချဉ်ရည်လေး ချက်စားဖြစ်ပါတယ်။ ချဉ်ရည်လေး ဆိုတော့ ထမင်းမြိန်တယ်လေ။ ဒီမှာ ဘဲဥမရတော့ ကြက်ဥနဲ့ပဲ ချက်စားရတာပေါ့။

ပထမဆုံး အိုးတစ်လုံးမှာ ကြက်ဥတွေထည့်၊ ကြက်ဥတွေ မြုပ်တဲ့အထိ ရေထည့်ပြီး အဖုံးဖွင့်လျက် နာရီဝက်လောက် ပြုတ်လိုက်ပါတယ်။ ကြက်ဥပြုတ်ထားတုန်း ကြက်သွန်ဖြူ၊ နီ ထောင်းပါတယ်။ ခရမ်းချဉ်သီး တစ်လုံးကို မထူမပါးလှီးထားပါတယ်။ အာလူးကို အခွံခွာ၊ အနေတော်တုံးပြီး ဆားရည် စိမ်ထားပါတယ်။ ရုံးပတီသီးကို ရေဆေးပြီး လက်တစ်ဆစ်သာသာ အနေလေးတွေ လှီးထားပါတယ်။ မကျီးသီးကို ရေဆေးပြီး ပန်းကန်တစ်လုံးမှာ ရေနွေးဆူဆူဖျောထားပါတယ်။ ကြက်ဥပြုတ်ရရင် ရေအေးစိမ်လိုက်ပါတယ်။ အေးသွားမှ အခွံခွာပြီး အပ်ချည်ကြိုးနဲ့ အရာလေးတွေ လိုက်ပေးထားပါတယ်။ ချက်တဲ့အခါ ဟင်းနှစ်အရသာ ကြက်ဥထဲ ၀င်အောင်လို့ပါ။

မီးဖိုပေါ် အိုးတစ်လုံးတင်ပြီး ဆီထည့်ပါတယ်။ ဆီပူရင် ဆနွင်းမှုန့် အနည်းငယ် ထည့်လိုက်ပါတယ်။ ကြက်သွန်ဖြူ၊ နီ ထောင်းထားတာနဲ့ ငရုတ်သီးအစိမ်းမှုန့် (အရောင်တင်မှုန့်) ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ရင် ခရမ်းချဉ်သီးတွေထည့်ပြီး လုံးပါတယ်။ ဆီပြန်ရင် ဆားရည်စိမ်ထားတဲ့ အာလူးတွေ ထည့်ပါတယ်။ အချိုမှုန့်၊ ငံပြာရည် နဲ့ မဆလာ ထည့်လုံးပါတယ်။ အနံ့မွှေးလာရင် ရေနွေးဆူဆူ အနည်းငယ်ထည့်ပြီး တည်ပါတယ်။ ရေခန်းခါနီး အားလူလည်း နူးခါနီးပြီဆို ကြက်ဥတွေထည့်ပါတယ်။ ခဏလုံးပြီးရင် ရေဆူဆူကို ကိုယ်လိုချင်သလောက် ဟင်းရည်အနေအထား ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါတယ်။ ဟင်းရည်ဆူပြီး အာလူးနူးရင် ရုံးပတီသီးထည့်ပါတယ်။ ဟင်းရည် ပြန်ဆူလာရင် မကျီးရည် ထည့်ပါတယ်။ ဟင်းရည်ကျအောင် တည်ပေးပါတယ်။ အရသာမြည်းပြီး လိုသလို ပြင်ပါတယ်။ ဒါဆို ကြက်ဥချဉ်ရည်ဟင်း တစ်ခွက် ရပါပြီနော်။ ကျွန်မကတော့ ခပ်ချဉ်ချဉ်လေး ချက်ပါတယ်။ 





Friday, March 4, 2011

"ကင်းမွန်ဟင်း"

6 comments
မနေ့ကချက်စားဖြစ်တဲ့ ကင်းမွန်ဟင်းလေးအကြောင်း ပြောပြချင်ပါတယ်။ စာရေးဆရာက ကင်းမွန် သိပ်ကြိုက် ပါတယ်။ သုပ်တာကို ပိုပြီး ကြိုက်ပါတယ်။ ဒါကြောင့် သုပ်စားဖြစ်တာ များပါတယ်။ ရန်ကုန်မှာတုန်းကတော့ ကျွန်မမေမေက ကင်းမွန်ကို ဟင်းချက်ပေးပါတယ်။ အခုလည်း သုပ်စားဖြစ်တာပဲ များနေလို့ ဒီတစ်ခါတော့ ကင်းမွန်ကို ဟင်းချက်စားဖြစ်ပါတယ်။

ကင်းမွန်ကို အရေခွံအမဲတွေခွာ၊ ဗိုက်ထဲက အညစ်အကြေးတွေထုတ်၊ ခေါင်းထဲက မျက်စိတွေဘာတွေ လှီးထုတ်ပစ်ပါတယ်။ မျက်စိထုတ်တဲ့အခါ သတိထားရပါတယ်။ မျက်စိက မဲမဲအရည်တွေ စင်တတ် လို့ပါ။ ပြီးရင် ရေစင်စင်ဆေးပြီး ဇလုံတစ်လုံးမှာ ထည့်ထားပါတယ်။ ရေနွေးတည်ပါတယ်။ ရေနွေးဆူရင် ကင်မွန်ထည့်ထားတဲ့ ဇလုံထဲကို ရေဆူဆူတွေ လောင်းထည့်လိုက်ပါတယ်။ ထည့်ပြီးပြီးချင်းပဲ ကင်းမွန်တွေကို ဆယ်ပြီး ဇကာနဲ့ ရေစစ်ထားပါတယ်။ အဲဒီလို ရေဆူဆူနဲ့ လောင်းလိုက်တော့ အညှီနံ့တွေ၊ အချွဲတွေ စင်သွားပါတယ်။ ရေပူထဲမှာတော့ ကြာကြာမထားပါဘူး။ ကြာရင် ကင်းမွန် အသားက မာသွားပြီး စားလို့ မကောင်းတော့လို့ပါ။ ကင်းမွန်တွေ အေးသွားရင် ကတ်ကြေးနဲ့ အနေတော်လေးတွေ ကိုက်ဖြတ်ပါတယ်။ ပြီးတော့ ဆား၊ အချိုမှုန့်တို့နဲ့ နယ်ထားပါတယ်။

ကြက်သွန်ဖြူ၊ နီ၊ ဂျင်းထောင်းပြီး ငရုတ်သီးအစိမ်းမှုန့်ထည့်၊ ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ရင် နယ်နှပ်ထားတဲ့ ကင်းမွန်လေးတွေ ထည့်ပါတယ်။ ငံပြာရည် အနည်းငယ်ထည့်လုံးပါတယ်။ ကင်းမွန်က ထွက်တဲ့ ရေလေးနဲ့ပဲ လုံးပေးပါတယ်။ ရေခန်းရင်တော့ ကင်းမွန်အနေအထားကြည့်ပြီး ရေကို ထည့်တယ်ဆိုရုံ အနည်းငယ်လေး ထည့်ပါတယ်။ သိပ်ပြီး ကြာကြာမတည်ရပါဘူး။ မီးပူမှာ ကြာရင် ကင်းမွန်အသားတွေ မာသွားမှာ စိုးလို့ပါ။ အရသာ မြည်းပြီး အနေတော်ဆို ကင်းမွန်ဟင်းတစ်ခွက် ရပါပြီနော်။ ကျွန်မကတော့ ကင်းမွန်ဟင်းနဲ့ ပဲနီလေးဟင်းချိုလေး တွဲဖက်စားပါတယ်။ စားရတာ လိုက်ဖက်လို့ပါ။

ကဲ - ကင်းမွန်ဟင်းလေး အားပေးသွားကြပါဦး



Wednesday, March 2, 2011

"ခရမ်းချဉ်သီးငါးပိချက်"

7 comments
ဒီနေ့တော့ ခရမ်းချဉ်သီးငါးပိချက်လေး ချက်ဖြစ်ပါတယ်။ ခရမ်းချဉ်သီးငါးပိချက် ချက်ရတာက လွယ်ပါတယ်။ ပထမဆုံး ကြက်သွန်ဖြူ၊ နီ ထောင်းပါတယ်။ ခရမ်းချဉ်သီးတွေကို ရေဆေးပြီး လှီးထားပါတယ်။ မီးဖိုပေါ် ဆီအိုးတင်၊ ဆီပူရင် နနွင်းမှုန့်လေးအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ နီ၊ အရောင်တင်မှုန့် ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ရင် ပုဇွန်ခြောက်မှုန့်ထည့် ဆီသတ်ပါတယ်။ ငါးပိစိမ်းစားကို ရေကျက်အေးလေးနဲ့ ဖျော်ပြီး ထည့်ပါတယ်။ ရေခမ်းရင် လှီးထားတဲ့ ခရမ်းချဉ်သီး ထည့်ပါတယ်။  ငံပြာရည်၊ (အချိုမှုန့် သုံးလျှင်ထည့်) ထည့်ပါတယ်။ ခရမ်းချဉ်သီးတွေ လိပ်ပြီး ဆီပြန်လာအောင် တည်ပေးပါတယ်။ ခရမ်းချဉ်သီးလေးတွေ လိပ်ပြီး  ဆီပြန်လာရင် ငရုတ်သီးစိမ်း ခြမ်းထည့်ပါတယ်။ နံနံပင်ရေဆေးပြီး လှီးဖြတ်ထည့်ပါတယ်။ ဒါဆို ခရမ်းချဉ်သီး ငါးပိချက် မွှေးမွှေးလေး ရပါပြီ။ အိမ်မှာ ဘာဟင်းပဲချက်ချက် တွဲဖက်စားလို့ကောင်းပါတယ်။ ကျွန်မကတော့ များများလေး ချက်၊ ဗူးနဲ့ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထား ပါတယ်။ နောက်နေ့တွေလည်း စားလို့ရအောင် ပေါ့။




Related Posts Plugin for WordPress, Blogger...