Sunday, January 30, 2011

"ငါးသလဲထိုးကြော်နဲ့ ငရုတ်ကောင်းဟင်းခါးပူပူလေး"

3 comments
လွန်ခဲ့တဲ့အပတ်က ချက်စားပြီး တစ်ဝက်ကျန်တဲ့ ငါးသလဲထိုးကို ချက်မစားချင်တော့တာနဲ့ ကြော်စားဖြစ် ပါတယ်။ ကျွန်မက ငါးသလဲထိုးကို ချက်စားတာထက် ကြော်စားတာကို ပိုကြိုက်တယ်။ ဒါပေမဲ့ ဟင်းတော့ သိပ်မဖြစ်ချင်ဘူး။ ကျွန်မက ကြော်ပြီးရင် ဒီအတိုင်း ထိုင်စားချင်တာ။ ရန်ကုန်မှာတုန်းကဆို ငါးသလဲထိုး ကြော်တဲ့နေ့ဆို မီးဖိုထဲဝင်သွားလိုက် ငါးသလဲထိုးကြော်လေး ကောက်မြည်းပြီး အိမ်ရှေ့ ထွက်သွားလိုက်၊ ခဏနေ မီးဖိုထဲ ပြန်ဝင်လာလိုက်၊ ငါးသလဲထိုးလေး ပြန်နှိုက်စားလိုက်နဲ့မို့ အဘွားက ထမင်းမစားမချင်း ငါးသလဲထိုးကြော် ပန်းကန်ကို ကျွန်မရှာမတွေ့အောင် ဖွက်ထားရတတ် တယ်။ ကျွန်မကလည်း မြည်းတာက နည်းနည်း မဟုတ်ဘူးလေ။ မီးဖိုထဲ တစ်ခါဝင်သွားရင် လက်နဲ့တစ်ဆုပ် နှိုက်ပြီး ယူသွားတာကိုး။ အခုတော့ ကိုယ့်ဘာသာကိုယ် စီမံချက်ပြုတ်နေရတော့ သိပ်နှိုက်မစားရဲဘူး။ ထမင်းဝိုင်းရောက်မှ စားစရာ မရှိရင် ကိုယ်ပဲ ဒုက္ခရောက်မှာလေ။ ဒါတောင် ကြော်နေရင်း ပါးစပ်ထဲ ၀င်သွားတဲ့ ငါးလေးတွေက မနည်းဘူး။

ငါးကြော်ကတော့ လွယ်ပါတယ်။ ငါးသလဲထိုးကို ဆားနဲ့ စင်စင်တိုက်ဆေးပြီး ဆား၊ အချိုမှုန့်၊ ဆနွင်းလေးနဲ့ နယ်ထားတယ်။ မီးဖိုပေါ်ဒယ်အိုးတင်၊ ဆီများများထည့် ဆီပူလာရင် ငါးလေးတွေ ထည့်ကြော် ပါတယ်။ ငါးလေးတွေ ကျွတ်လာမှ ဆယ်ပြီး ဇကာနဲ့ ခဏစစ်ပါတယ်။ ငါးကြော်လေး အေးသွားရင် ပျော့မသွားအောင် လေလုံဘူးလေးနဲ့ ထည့်ထားပါတယ်။

ငါးသလဲထိုးကြော်နဲ့ စားဖို့ အရည်သောက်ကိုတော့ ခပ်လွယ်လွယ် ငရုတ်ကောင်း ဟင်းခါးလေး ချက်လိုက် တယ်။ အိုးတစ်လုံးမှာ ရေထည့်ပြီး တည်ပါတယ်။ ရေဆူရင် ပုဇွန်ခြောက်မှုန့်နဲ့ ငါးပိစိမ်းစား အနည်းငယ် ထည့်ပါတယ်။ ဆား၊ အချိုမှုန့်၊ ငံပြာရည် ထည့်ပြီး ဟင်းရည်ကျပြီး အရသာ အနေတော် ဖြစ်အောင် တည်ပါ တယ်။ ဟင်းရည် အနေတော်ဖြစ်မှ ငရုတ်ကောင်းစေ့နဲ့ ကြက်သွန်ဖြူ လေးငါးမွှာ ရောပြီး ထောင်းထားတာကို ဟင်းရည်အိုးထဲ ခပ်လိုက်ပါတယ်။ ဟင်းရည် ပြန်ဆူပြီး ငရုတ်ကောင်း နံ့လေး မွှေးသွားရင်တော့ ငရုတ်ကောင်းဟင်းခါး ပူပူလေး ရပါပြီ။

ငါးသလဲထိုးကြော် ကျွတ်ကျွတ်လေး




ငရုတ်ကောင်းဟင်းခါးပူပူလေးနော်

Saturday, January 29, 2011

"ငါးမြင်းဆီပြန်ဟင်းနဲ့ ကိုက်လံကြော်"

3 comments
ငါးမြင်းဆီပြန်ဟင်း စားချင်နေတာ တော်တော်ကြာပါပြီ။ အိမ်နားက မြန်မာဆိုင်မှာ ရှာတုန်းကလည်း မရှိလို့ ငါးဖယ်ပဲ ၀ယ်ချက်စားလိုက်ရတယ်။ တစ်နေ့က City Hall ရောက်တော့ ငါးမြင်းရှာဝယ်ခဲ့တယ်။ ဒီတော့ သိပ်စားချင်နေတဲ့ ငါးမြင်ဆီပြန်လေး ချက်စားဖြစ်တာပေါ့။ ကျွန်မရဲ့ စားချင်တဲ့ ဆန္ဒလေးကို ကိုယ့်ဘာသာ ဖြည့်ဆည်းတာလေ။

ငါးမြင်းကို ရေဆေးပြီး ဆား၊အချိုမှုန့်၊ ငံပြာရည်နဲ့ နယ်ထားတယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းပြီး ငရုတ်သီး အရောင်တင်မှုန့်နဲ့ ဆီသတ်ပါတယ်။ ဆီပြန်လာရင် ခရမ်းချဉ်သီး လှီးထားတာ ထည့်လုံး တယ်။ ခရမ်းချဉ်သီးလေး လိပ်လာတော့မှ ငါးထည့်လုံးပါတယ်။ ငါးကထွက်တဲ့ရေ ကုန်ပြီး ဆီပြန်ရင် ရေနွေးထည့်ပြီး ငါးအသားတွေ ကျက်အောင် တည်ပါတယ်။ အပေါ့အငံ ပြင်ပါတယ်။ အရသာ အနေတော်ဖြစ်ပြီး ဆီလည်းပြန်ရင် နံနံပင် ရေဆေး၊ လှီးဖြတ်ထားတာလေးကို ဟင်းအိုးထဲ ထည့်အုပ်ပြီး ချလိုက်ပါတယ်။

ငါးမြင်းဆီပြန်နဲ့ တွဲစားဖို့ ကိုက်လံကြော်ပါတယ်။ ကိုက်လံကို လှီးဖြတ်ပြီး ရေဆေး၊ ဇကာနဲ့ စစ်ထား ပါတယ်။ မီးဖိုပေါ် ဆီအိုးတင်ပြီး ကြက်သွန်ဖြူ ဒါးပြားရိုက်ထားတာထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ဖြူ မွှေးလာရင် ရေစစ်ထားတဲ့ ကိုက်လံ ထည့်ပါတယ်။ ဆား၊ အချိုမှုန့်နဲ့ ခရုဆီ ထည့်ကြော် ပါတယ်။ အရသာ အနေတော်ဆို အရွက်ခပ်စိမ်းစိမ်းမှာပဲ ချပါတယ်။ ကျွန်မက အသီးအရွက်ကြော်ကို အရမ်းနွမ်းသွားရင် မကြိုက်ပါဘူး။ ခပ်စိမ်းစိမ်းလေး ကြော်စားရတာပဲ ကြိုက်တယ်။

ငါးမြင်းဆီပြန်ဟင်း




ကိုက်လံကြော် စိမ်းစိမ်းလေး




Friday, January 28, 2011

"သရက်သီးသုပ်"

5 comments
တစ်နေ့က Wet Market သွားတော့ သရက်သီးအစိမ်းတွေ တွေ့တာနဲ့ ၀ယ်ခဲ့တယ်။ ကျွန်မက သရက်သီးအစိမ်းကို အစိတ်လေးတွေ စိတ်ထားတာကို ငံပြာရည်နဲ့ငရုတ်သီး ဖျော်ထားတာလေးနဲ့ တို့ပြီး စားရတာဆို ကြိုက်မှကြိုက်။ ပြီးတော့ သုပ်စားတာလည်း ကြိုက်တယ်။ ထမင်းနဲ့ စားဖို့တော့ သုပ်စား ဖြစ်တယ်။

သရက်သီးကို သင်္ဘောခြစ်နဲ့ ခြစ်ပါတယ်။ ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါတယ်။ ကြက်သွန်နီ ပါးပါးလှီးပြီး ဆီချက် ချက်ထားပါတယ်။ သရက်သီး ခြစ်ထားတဲ့ အထဲကို ကြက်သွန်နီ ပါးပါးလှီး၊ ပဲမှုန့်၊ ပုဇွန်ခြောက်မှုန့်၊ အချိုမှုန့်၊ ငံပြာရည်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်နီဆီချက် စတာတွေ ထည့်ပြီး နှံ့အောင် ရောနယ်ပြီး သုပ်ပါတယ်။ အပေါ့အငံ ပြင်ပါတယ်။ ကျွန်မကတော့ စပ်စပ်ကလေး သုပ်စားတယ်။ သရက်သီးကလည်း ဘာသရက်လည်းတော့ မသိဘူး။ သိပ်မချဉ်ဘူးရှင့်။ စားလို့ ကောင်းတယ်။

သရက်သီးသုပ်လေး အားပေးသွားကြပါဦးနော်





Thursday, January 27, 2011

"ထမင်းသုပ်"

6 comments
လွန်ခဲ့တဲ့ သုံးလေးရက်က တစ်ညနေမှာပါ။ အပြင်က ပြန်လာပြီး ဘာဟင်းမှလည်း မချက်ချင် တော့တာနဲ့ စာရေးဆရာနဲ့ ဘာစားကြမလဲဆိုတာ တိုင်ပင်လိုက်တော့ ထမင်းသုပ်စားရအောင်တဲ့။ ကျွန်မက တကယ်တော့ ထမင်းသုပ် မကြိုက်ပါဘူး။ ငယ်ငယ်ကတည်းက အိမ်မှာ သုပ်စားကြရင် ဘယ်တော့မှ မစားဘူး။ ငါးထမင်းတော့ စားပါတယ်။ ရိုးရိုး ထမင်းသုပ်ကို မကြိုက်တာပါ။ အခုတော့ စာရေးဆရာက စားချင်တယ်ပြောပြီး ကျွန်မကလည်း ဘာမှမချက်ချင်တာနဲ့ ထမင်းသုပ် သုပ်ပေးမယ်လို့ ပြောလိုက်ပါတယ်။ ကျွန်မအတွက် ဘာစားရင် ကောင်းမလဲ စဉ်းစားတော့ ၀က်အူချောင်းရှိတာနဲ့ ကြော်စားမယ်ပေါ့။ တကယ်တမ်း စားမယ်ဆိုတော့ ထမင်းဖြူနဲ့ ၀က်အူချောင်းကြော်နဲ့ချည်း မစားချင်တော့တာနဲ့ တစ်ခါမှ မစားတဲ့ ထမင်းသုပ်ကိုပဲ ကျွန်မအတွက်ပါ ပိုသုပ်ပြီး ၀က်အူချောင်း ကြော်နဲ့ တွဲစားလိုက်ပါတယ်။

ထမင်းသုပ် သုပ်တာကတော့ လွယ်ပါတယ်။ ပထမဆုံး ထမင်းသုပ်ဖို့ ငရုတ်သီး ဆီချက် လုပ်ပါတယ်။ မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်၊ ဆီပူရင် ဒယ်အိုးကို မီးဖိုပေါ်ကချ ခဏနေရင် ငရုတ်သီးအစိမ်းမှုန့် ထည့်မွှေပြီး ပန်းကန်တစ်လုံးမှာ ထည့်ထားပါတယ်။ ကြက်သွန်နီ ပါးပါးလှီးပြီး ဆီချက် ချက်ထား ပါတယ်။ ထမင်းဖြူ၊ ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ငရုတ်သီးဆီချက်၊ မန်ကျည်းရည် စတာတွေကို ဇလုံ တစ်လုံးမှာ နှံ့အောင် သေချာ ရောနယ်ပါတယ်။ အပေါ့အငံကို အနေတော် ပြင်ပါတယ်။ ပြီးရင် ပန်းကန်လုံး အသေးလေးထဲ ထမင်းသုပ်ကို ထည့်သိပ်ပြီး စားမယ့် ပန်းကန်ထဲကို ပုံစံခွက်လေးအတိုင်း ရအောင် မှောက်ထည့်လိုက်ပါတယ်။ ပြီးတော့ ထမင်းသုပ်အပေါ်မှာ ကြက်သွန်နီ ဆီချက်ဖတ်လေးတွေ တင်လိုက်ပါတယ်။ ဘေးမှာ မြေပဲလှော်လေး ပုံပါတယ်။ ထမင်းသုပ်နဲ့ ကပ်စားရအောင် ကြက်သွန်ဖြူလေးတွေ အခွံ နွှာပြီး ထည့်ပါတယ်။ ဒါဆိုရင်တော့ ထမင်းသုပ်လေး ရပါပြီ။ ကျွန်မတို့ နှစ်ယောက်ကတော့ ၀က်အူချောင်းကြော် ရှိနေတာနဲ့ ဘေးမှာ ထည့်ပြီး တွဲစား ဖြစ်ပါတယ်။ စာရေးဆရာကတော့ ပြောပါတယ်။ ထမင်းသုပ်ထဲကို အာလူးပြုတ်လေးပါ ထည့်သုပ်ရင် ပိုကောင်းပါတယ်တဲ့လေ။

စာရေးဆရာရဲ့ ထမင်းသုပ်ပန်းကန်


ဝက်အူချောင်း မကြိုက်တဲ့ စာရေးဆရာကို စားကြည့်ပါဆိုပြီး ထည့်ပေးထားတာ :-P 


 ဒါက ကျွန်မ ပထမဦးဆုံးစားတဲ့ ထမင်းသုပ်၊ မြေပဲလှော်တော့ မကြိုက်လို့ မထည့်ဘူး


မကြိုက်ပေမယ့် စားကြည်တော့လည်း စားလို့ဖြစ်ပါတယ်


Tuesday, January 25, 2011

"ခေါက်ဆွဲကြော်"

4 comments
စာရေးဆရာက ခေါက်ဆွဲကြော် စားချင်တယ်ပြောတာနဲ့ စနေနေ့ ညနေက ကြော်စားဖြစ်တယ်။ ခေါက်ဆွဲခြောက်နဲ့ ကြော်မလို့ဟာ ခေါက်ဆွဲခြောက် သွားဝယ်တော့ ခေါက်ဆွဲအပြားတွေပဲ များတယ်။ ခေါက်ဆွဲအလုံး အခြောက်ကလည်း အလုံးသေးသေးလေးတွေပဲ တွေ့တယ်။ အဲဒါနဲ့ ခေါက်ဆွဲအစိုပဲ ၀ယ်ခဲ့တယ်။ စာရေးဆရာက ခေါက်ဆွဲကြော်ဆို ခေါက်ဆွဲအလုံးနဲ့မှ ပိုစားကောင်းတယ်တဲ့။

ခေါက်ဆွဲကြော်က အီတတ်လို့ ကြက်သားနဲ့ကြော်ပါတယ်။ ကြက်သားကို အသားချည်းသက်သက် လှီးပြီး အတုံးသေးသေးလေးတွေ လှီးပါတယ်။ အရိုးကို ဂျင်းနဲ့ ကြက်သွန်ဖြူ ဒါးပြားရိုက်ထားတာတွေနဲ့ ရေထည့်ပြီး ပြုတ်ပါတယ်။ ကြက်အမြစ်ကို ခပ်သေးသေးလှီးပါတယ်။ ကြက်မြစ်နဲ့ အသားတွေကို ဆား၊ အချိုမှုန့် နယ်ပါတယ်။ ကြက်မြစ်တွေကို အိုးတစ်လုံးမှာ ရေထည့်ပြီး ပြုတ်ပါတယ်။ ကြက်မြစ် နူးခါနီးမှ ကြက်သားပါ ရောထည့် ပြုတ်ပါတယ်။ ပြီးတော့ အအေးခံထားပါတယ်။ ကြက်သားနဲ့ ကြက်မြစ်တွေ အေးရင် ကော်မှုန့် နည်းနည်းနဲ့ နယ်ထားပါတယ်။ ဂေါ်ဖီနဲ့ မုန်လာဥနီကို ရေဆေးပြီး လှီးဖြတ် ထားပါတယ်။ ကြက်ဥနှစ်လုံးကို နာနာ ခေါက်ထားပါတယ်။

မီးဖိုပေါ် ဆီအိုးတင်၊ ဆီပူရင် ကြက်သွန်နီ ဆီသတ်ပါတယ်။ ပြီးတော့ ကော်မှုန့်နယ်ထားတဲ့ ကြက်သားနဲ့ ကြက်မြစ်တွေ ထည့်ကြော်ပါတယ်။ ဂေါ်ဖီနဲ့ မုန်လာဥနီကိုလည်း ထည့်ကြော်ပါတယ်။ အရွက်တွေ နွမ်းလာရင် ပဲငံပြာရည် အကြည်ရည်၊ အချိုမှုန့်နဲ့ ခရုဆီ ထည့်၊ ကြက်ဥခေါက်ထားတာ ထည့်ပြီး မွှေပါတယ်။ (တချို့က ကြက်ဥကို သီးသန့်ကြော်ပြီး ခေါက်ဆွဲကြော်ရမှ ခပ်ပါးပါးလေးတွေ ညှပ်ထည့် ပါတယ်။ ကျွန်မက တော့ ကြက်ဥ ကြော်ပြီးသား ညှပ်ထည့်တာ မကြိုက်လို့ပါနော်) တစ်ဆက်တည်း ခေါက်ဆွဲဖတ်တွေပါ ထည့် ကြော်ပါတယ်။ ခေါက်ဆွဲနူးအောင် ရေနည်းနည်း ထည့်ကြော်ပါတယ်။ အပေါ့အငံ မြည်းပါတယ်။ ခေါက်ဆွဲ နူးပြီး အရသာလည်း အနေတော်ဆိုရင် တရုတ်နံနံပင် ရေဆေး၊ ညှပ်ထားတာလေး ထည့်ပြီး မွှေလိုက်ရင် ခေါက်ဆွဲကြော် ပူပူလေး ရပါပြီနော်။

အရည်သောက်အနေနဲ့ ကြက်ရိုးပြုတ်လေးကို အပေါ့အငံပြင်ပြီး တရုတ်နံနံပင် ခပ်ပြီးသောက်ပါတယ်။

အချဉ်အတွက်ကတော့ ကြက်သွန်နီ ပါးပါးလှီး ရေဆေးထားတာနဲ့ ငရုတ်သီးစိမ်း ပါးပါးလှီးထား တာကိုရော၊ နံနံပင် ရေဆေးပြီး ညှပ်ထည့်၊ သံပုရာရည်ထည့်ပြီး သုပ်လိုက်ပါတယ်။

ခေါက်ဆွဲကြော် ပူပူနွေးနွေးလေးပါရှင်




ကြက်ရိုးပြုတ်ဟင်းရည်လေး


အအီပြေ ကြက်သွန်ချဉ်သုပ်လေးပါ


"၀က်သားတုတ်ထိုး လုပ်စားချင်သူများအတွက် နောက်ဆက်တွဲ"

0 comments
ကျွန်မရဲ့ ၀က်သားတုတ်ထိုး ပို့စ်လေးရဲ့ ကွန်မန့်မှာ လာမေးထားတဲ့ သူတွေရော၊  တခြား မသိသေးတဲ့ သူတွေပါ သိအောင်ရော ဟင်းခတ်အမွှေးအကြိုင်လေးတွေ အကြောင်းကို ပုံလေးတွေနဲ့ ပြန်လည် ဖော်ပြ ပေးလိုက် ပါတယ်နော်။

သစ်ဂျပိုးခေါက် 

ကရဝေးရွက်

နာနတ်ပွင့်


ဟောဒီလို ဗူးလေးတွေနဲ့ SHENG SIONG တို့၊ NTUC Fair Price တို့မှာ ၀ယ်လို့ရပါတယ်။ ကုလား ဆိုင်တွေမှာတော့ ပလပ်စတစ် အိတ်လေးတွေနဲ့ ရောင်းပါတယ်။


ခရုဆီ
ဗနီကာ


ခရုဆီနဲ့ ဗနီကာကိုလည်း SHENG SIONG တို့၊ NTUC Fair Price တို့မှာ ၀ယ်လို့ရပါတယ်။

ဒါကတော့ တရုတ်မဆလာပါ။ မြန်မာဆိုင်တွေမှာရှိပါတယ်။ City Hall မှာ သေချာပေါက်ရနိုင်ပါတယ်။


Sunday, January 23, 2011

"ကြက်သားအာလူး ဆီလည်ရေလည်ချက်"

6 comments
ပြီးခဲ့တဲ့ အပတ်က ကြက်သားနဲ့ အာလူးဟင်း ချက်စားဖြစ်တယ်။ ကြက်သားကို ဆီပြန်မစားချင်တာနဲ့ အာလူးနဲ့ ဆီလည် ရေလည်လေး ချက်တာပါ။ ကြက်သားကို ရေဆေးပြီး ဆား၊ အချိုမှုန့်၊ ချင်း ညက်ညက်ထောင်း ထားတာနဲ့ ရောနယ်ထားတယ်။ ကြက်သွန်ဖြူနီ ထောင်းပါတယ်။ အာလူးကို အခွံခွာ၊ လေးစိတ် စိတ်ပြီး ဆားရည် စိမ်ထားပါတယ်။ မီးဖိုပေါ် ဆီအိုးတင်၊ ဆီပူရင် နနွင်းလေး နည်းနည်း ထည့်သတ်ပြီး ကြက်သွန် ထောင်းထားတာတွေ ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန် ကျက်ရင် ကြက်သားနှပ်ထား တာတွေ ထည့်ပြီး ကြက်သားထဲက ထွက်တဲ့ ရေနဲ့ပဲလုံးပါတယ်။ ငံပြာရည် အနည်းငယ် ထည့်လုံးပါတယ်။ ဆီပြန်ခါနီးရင် အာလူးတွေ ထည့်လုံးပါတယ်။ ဆီပြန်ရင် ရေနွေးဖြည့်ထည့်ပြီး အသားရော၊ အာလူးပါ နူးသည်အထိ တည်ပါတယ်။ အသားနူးရင် အပေါ့အငံ ပြင်ပြီး ဆီပြန်တဲ့အထိ မထားဘဲ ရေနည်းနည်း ကျန်ကျန်လေးမှာ ချပါတယ်။ အရည်လေးနဲ့ စားချင် လို့ပါ။

ကြက်သားအာလူးချက်လေးပါ


ကြက်ပေါင်ကို ထပ်ပြီးမတုံးတော့ဘဲ ဒီအတိုင်းထည့် ချက်လိုက်တာ။ အားရပါးရပေါ့နော်။


ပန်းကန်တောင် ပြည့်လျှံနေတယ် :-) ။ အားပေးသွားကြပါဦး။


Friday, January 21, 2011

"ငါးသလဲထိုးဆီပြန်ဟင်း၊ ချဉ်ပေါင်နဲ့မျှစ်ကြော်"

6 comments
စာရေးဆရာပေါ့၊ အခုတလော ငါးသလဲထိုးဟင်း စားချင်တယ်ပြော ပြောနေတယ်။ ဒီတော့ ကျွန်မလည်း အပြင်ထွက်ဖြစ်တဲ့နေ့ City Hall ၀င်ပြီး ဈေးဝယ်လိုက်တယ်။ သူစားချင်တဲ့ ငါးသလဲထိုးရော၊ သူအလွန် ကြိုက်တဲ့ ချဉ်ပေါင်ကြော် ကြော်ဖို့ရော လိုတာတွေ ၀ယ်ခဲ့တယ်။

ငါးသလဲထိုးကို ဆားရေနဲ့ စင်စင်ဆေးပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် နယ်နှပ်ထားတယ်။ ကြက်သွန်ဖြူ၊နီ၊ ချင်း ထောင်းပါတယ်။ ဆီအိုးတည်၊ ဆီပူရင် နနွင်းလေးနည်းနည်း ထည့်သတ်ပြီး ကြက်သွန် ထောင်းထားတာနဲ့ ငရုတ်သီး အစိမ်းမှုန့်လေး ထည့်ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ပြီး မွှေးလာရင် ငါးသလဲထိုးတွေထည့်၊ ငံပြာရည်နဲ့ အချိုမှုန့် လိုသလိုထည့် လုံးပါတယ်။ ငါးတွေ ကြေမှာစိုးလို့ အသာအယာလေး မွှေလုံးပေးပါတယ်။ ငါးက ထွက်တဲ့ ရေကုန်ပြီး ဆီပြန်မှာ ရေနွေးအနည်းငယ် ထည့်ပြီး ဆီပြန်အောင် ပြန်တည်ပါတယ်။ ဆီပြန်ရင် နံနံပင် ရေဆေးထားတာလေး အုပ်လိုက်ပါတယ်။ အဲဒီတော့ ငါးသလဲထိုး ဆီပြန်ဟင်းလေး ရပြီပေါ့ရှင်။

ပြီးတော့ ချဉ်ပေါင်ကြော်ဖို့ ချဉ်ပေါင်ရွက်တွေကို ဆားရေနဲ့ဆေးပြီး ဇကာနဲ့ ရေစစ်ထားပါတယ်။ မျှစ်ကို ရေဆေးပြီး အိုးတစ်လုံးမှာ ထည့်ပြုတ် ပါတယ်။ အတန်ကြာ ပြုတ်ပြီးရင် ရေစစ်ထားပါတယ်။ ကြက်သွန်ဖြူ၊နီ ထောင်း ထားပါတယ်။ မီးဖိုပေါ်ဆီအိုးတင်၊ ဆီပူရင် ဆနွင်းနည်းနည်း သတ်ပြီး ကြက်သွန်ထောင်းထားတာ ထည့် ဆီသတ် ပါတယ်။ ငရုတ်သီး အစိမ်းမှုန့် ထည့်ပါတယ်။ ကြက်သွန် ကျက်ရင် ပုဇွန်ခြောက်ထောင်း ထားတာ ထည့်ပါတယ်။ တစ်ဆက်တည်းမှာပဲ ငါးပိစိမ်းစား အနည်းငယ်ကို ရေနွေးနဲ့ ဖျော်ထည့်ပါတယ်။ ငံပြာရည်၊ အချိုမှုန့် ထည့်ပါတယ်။ ပြီးမှ မျှစ်ပြုတ် ထားတာတွေ ထည့်မွှေပါတယ်။ ခဏမွှေပြီးရင် ချဉ်ပေါင်ရွက်တွေပါ ထည့်ကြော်ပါတယ်။ ချဉ်ပေါင်ရွက် နွမ်းပြီး ဆီပြန်လာရင် အပေါ့အငံမြည်းပြီး လိုတာပြင်ပါတယ်။ အရသာ အနေတော်ဆိုရင် ငါးရုတ်သီးစိမ်း လေးငါးတောင့်ကို အညှာချွေ၊ ရေဆေးပြီး တစ်စောင်းလေးတွေ ညှပ်ထည့် ခဏမွှေပြီးရင် ချဉ်ပေါင်ကြော်လေးရပါပြီ။ ဆီလည်းပြန် ရေလည်း ခြောက်ခြောက်လေး ကြော်ရင်တော့ ကြာရှည် အထားခံတာပေါ့ရှင်။ ကျွန်မကတော့ ခြောက်တဲ့အထိ မကြော်ဘဲ ဆီခပ်ပြန်ပြန် စိုစိုလေး ချပါတယ်။ စာရေးဆရာက ခြောက်ခြောက်ကြော်တာ မကြိုက်ဘူးတဲ့။ ခုလိုကြော်တာလည်း ရေခဲသေတ္တာထဲ ထည့် စားရင် တစ်ပတ်လောက်တော့ ထားစားလို့ ရပါတယ်။ 

ငါးသလဲထိုးဆီပြန်ဟင်း




ချဉ်ပေါင်နဲ့မျှစ်ကြော်




Wednesday, January 19, 2011

"၀က်သားဟင်း၊ မျှစ်နဲ့ပဲပြုတ်ကြော်"

2 comments
မျှစ်နဲ့ပဲပြုတ်ကြော် စားချင်နေတာ တစ်ပတ်လောက် ရှိနေပါပြီ။ City Hall မရောက်တာနဲ့ မ၀ယ်ဖြစ်ဘူး။ မနေ့ကတော့ ကျောင်းက အစ်မတစ်ယောက် ကျွန်မအိမ်လာခါနီး သူက City Hall ရောက်နေပြီး အဲဒီက လာမှာမို့ ဘာမှာချင်သေးလဲ လှမ်းမေးတာနဲ့ အတော်ဖြစ်သွားတယ်။ မျှစ်နှစ်ထုပ်နဲ့ ပဲပြုတ် တစ်ထုပ် မှာလိုက် ပါတယ်။ အဲဒီတော့ မနေ့ညက ကျွန်မဆန္ဒပြည့်ဝသွားတယ်။ မျှစ်နဲ့ ပဲပြုတ်ကြော် စားရလို့ပါ။

ဒါနဲ့ပဲ ၀က်သားဟင်းနဲ့ မျှစ်နဲ့ပဲပြုတ်ကြော် ချက်စားဖြစ်တယ် ဆိုပါတော့။ ၀က်သားကို အနေတော်တုံးပြီး ဆား၊ ပဲငံပြာရည် အနောက်ရည် (ကြာညို့)၊ သကြားတို့နဲ့ ရောနယ်ပြီး နှပ်ထားတယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းပါတယ်။ အိုးထဲမှာ ၀က်သားထည့်၊ ကြက်သွန်ထောင်းထားတာတွေ ထည့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ပဲငံပြာရည် အကြည်ရည်၊ တရုတ်မဆာလာ၊ ဆီ၊ အချိုမှုန့် စတာတွေထည့်ပြီး သမအောင် ခပ်ကြာကြာလေး နယ်ပါတယ်။ ပြီးမှ အဖုံးအုပ်၊ မီးဖိုပေါ် အိုးတင်ပြီး အသားကထွက်တဲ့ ရေနဲ့ပဲ တည်ထားပါတယ်။ ဆီပြန်သံကြားမှ အဖုံးဖွင့်၊ မွှေပြီး ရေနွေးထည့်ပြီး ဆက်တည်ပါတယ်။ အသား မနူးသေးရင် ရေနွေးထပ်ဖြည့် ထည့်ပါတယ်။ ၀က်သားနူးရင် မန်ကျည်းရည်လေး နည်းနည်း ထည့်ပြီး ဆီပြန်ရင်တော့ ၀က်သားဟင်း ခပ်ချဉ်ချဉ်လေး ရပါပြီ။

မျှစ်နဲ့ပဲပြုတ်ကိုတော့ သက်သတ်လွတ် ကြော်ပါတယ်။ သက်သတ်လွတ် စားနေလို့မဟုတ်ပါဘူး။ ၀က်သား ဟင်းကြီးလည်း ပါနေတော့ သက်သတ်မလွတ်မှန်း သိကြမှာပါနော်။ ကျွန်မ မျှစ်ကြော်ကို ပုဇွန်ခြောက်၊ ငံပြာရည်ထည့်တာ မကြိုက်လို့ပါ။ မျှစ်ကြော်ဖို့ မျှစ်ကို ရေဆေး၊ အိုးတစ်လုံးမှာ ထည့်ပြုတ်ပြီး ရေစစ်ထား ပါတယ်။ ဒယ်အိုးထဲမှာဆီထည့်၊ ဆီပူရင် ဆနွင်းအနည်းငယ်ထည့်၊ ကြက်သွန်ဖြူ ဒါးပြားရိုက်ကို ထည့်ပြီး ဆီသတ်ပါတယ်။ ပြုတ်ထားတဲ့ မျှစ်တွေ ထည့်ပါတယ်။ ဆားနဲ့ အချိုမှုန့် အနည်းငယ်ဆီ ထည့်ပါတယ်။ နောက်ဆုံးမှ ပဲပြုတ်ထည့်မွှေပြီး ခဏနေရင် မီးဖိုက ချပါတယ်။ မျှစ်နဲ့ ပဲပြုတ်ကြော် ပူပူလေးရပြီပေါ့။ 

ဝက်သားဟင်းလေး
မျှစ်နဲ့ပဲပြုတ်ကြော် ပူပူလေး




Tuesday, January 18, 2011

"ဟိုဘက်ကမ်းခြေ၊ သည်ဘက်ကမ်းခြေ"

3 comments
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စာရေးဆရာရဲ့ ဆွေလိုမျိုးလို ခင်မင်နေတဲ့ မိသားစုထဲက မိခင်ဖြစ်သူ အန်တီရဲ့ မွေးနေ့ ရှိလို့ ဖိတ်ထားတာကြောင့် သွားဖြစ်တယ်။ အဲဒီ အန်တီရဲ့ သားတွေက ဒီမှာ အလုပ်လုပ်နေကြတော့ အန်တီကလည်း လာလိုက်နေတာပါ။ မြေးတွေနဲ့လည်း အတူနေရတာပေါ့လေ။ အန်တီနဲ့ စာရေးဆရာတို့က စာရေးဆရာ ငယ်စဉ်ကတည်းက မိသားစုချင်း ခင်မင်ရင်းနှီးခဲ့တာ ဆိုတော့ တော်တော်လေး ခင်ပါတယ်။ အန်တီရဲ့သားတွေနဲ့ စာရေးဆရာနဲ့ကလည်း ညီအစ်ကိုတွေလို ဖြစ်နေတာပေါ့။ ဒီတော့ အန်တီက သူ့ရဲ့ မွေးနေ့ပွဲလေး ကျင်းပတော့ ကျွန်မတို့ကို လာခဲ့ဖို့ သေသေ ချာချာ ဖိတ်ပါတယ်။ ရုံးပိတ်ရက်လည်း ဖြစ်တော့ ကျွန်မတို့ ဇနီးမောင်နှံလည်း မွေးနေ့ပွဲလေးကို သွားဖြစ်တယ်။ ဟိုရောက်တော့ အန်တီက ဒန်ပေါက်နဲ့ ဧည့်ခံ ပါတယ်။ စားသောက်ပြီး စကားလေး ဘာလေး ပြောပြီး နှစ်ယောက်သား အိမ်ပြန်ခဲ့တယ်။

အိမ်ရောက်တော့ စာရေးဆရာက တစ်ပတ်စာ ဂျာနယ်တွေ ပြန်ဖတ်တယ်၊ ကျွန်မကလည်း အိမ်အလုပ်လေး နည်းနည်းပါးပါး လုပ်စရာရှိတာ လုပ်ပြီးတော့ ညနေစောင်းသွားတယ်။ ဒီတော့ နှစ်ယောက်သား အညောင်း အညာလည်း ပြေ၊ စိတ်လည်း လန်းဆန်း၊ ကျန်းမာရေးနဲ့လည်း ညီညွတ်အောင် လမ်းလျှောက် ထွက်ခဲ့ ပါတယ်။ ကျွန်မတို့ လျှောက်ဖြစ်ခဲ့တာက အိမ်နားမှာရှိတဲ့ West Coast Park ကိုပါ။ စလုံးမှာ နေတဲ့သူ တော်တော် များများ East Coast ကိုသာ သွားလေ့ရှိပြီး West Coast Park ကိုတော့ ရောက်ဖူးသူ နည်းပါ တယ်။ West Coast က East Coast လို ကမ်းခြေ မဟုတ်ပေမယ့် သူလည်း သာသာယာယာ ရှိတဲ့ ကမ်းနားလေးပါပဲ။ ကျွန်မတို့ ရန်ကုန်က ကြည့်မြင်တိုင် ကမ်းနားလိုပေါ့။ West Coast မှာလည်း ညနေစောင်းဆို အနီးအနား ပတ်ဝန်းကျင်က လာရောက် အပန်းဖြေသူတွေ များပါတယ်။ လေညင်းခံသူခံ၊ စွန်လွှတ်သူလွှတ်၊ ပြေးသူပြေး၊ စက်ဘီးစီးသူစီး၊ စကိတ်စီးသူ စီးနဲ့ စည်ကားပါတယ်။ ကျွန်မ ဒီကို မရောက်လာမှီကဆို ရုံးပိတ်ရက် တွေမှာ စာရေးဆရာက သူ့သူငယ်ချင်းတွေနဲ့ ဒီ West Coast Park ကို သွားပြီး ဂစ်တာတီး၊ သီချင်းဆိုနဲ့ ည (၁၂) နာရီလောက်မှ ပြန်လေ့ရှိပါတယ်တဲ့။ 

အဲဒီနေ့ ညနေကလည်း တော်တော်လေး သာယာပါတယ်။ လေကောင်း လေသန့်လေးလည်းရ၊ လမ်းလေးလည်း လျှောက်ဖြစ်တော့ လူက ပေါ့ပါးလန်းဆန်းသွားပါတယ်။ ကျွန်မတောင် စာရေးဆရာကို ပြောဖြစ်သေး တယ်။ အားရင် နေ့တိုင်းတောင် လျှောက်သင့်တယ်လို့။ East Coast က ကျွန်မတို့ နေတဲ့ West Coast ဘက်က ကြည့်ရင် နည်းနည်းလည်း လှမ်းလို့ ဟိုဘက်ကမ်းခြေလို့ ခေါ်ရမယ်ဆိုရင် ကျွန်မတို့ နေတဲ့ West Coast ကိုတော့ သည်ဘက်ကမ်းခြေလို့ပဲ ခေါ်လိုက်ချင်ပါတယ်။ အဲဒီနေ့က ညနေစောင်း လမ်းလျှောက်ရင်း ရိုက်လာဖြစ်တဲ့ West Coast Park က ပုံလေး တချို့ကို ကျွန်မရဲ့ မိတ်ဆွေများလည်း ခံစားနိုင်အောင် တင်ပေး လိုက်ပါတယ်နော်။







Related Posts Plugin for WordPress, Blogger...